အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် မက်ဂျ်ဘရီကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာပြီးနောက် နောက်ထပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ တာဟစ်ချောင်ကိုပါ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် တာဟစ်ချောင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ မြန်နှုန်းမြင့် တိုက်စစ်အားသန် တောင်ပံ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

တာဟစ်ချောင်က အရည်အသွေး ရှိတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ချပြဖို့ ခက်ခဲနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ တာဟစ်ချောင်ကို စာချုပ်သစ် ထပ်မချုပ်တော့ပဲ ယခု နွေဈေးကွက် အတွင်းမှာတင် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တာဟစ်ချောင်ကို တရာသီအငှားနဲ့ ခေါ်ယူဖူးတဲ့ ဘာမင်ဂမ်က တာဟစ်ချောင်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာမင်ဂမ်တို့ရဲ့ ကြားထဲမှာ တာဟစ်ချောင်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိရန် နီးစပ်နေကြောင်း ဆိုထားပါတယ်။

Photo Credit: Mirror

တာဟစ်ချောင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာမင်ဂမ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ဘာမင်ဂမ်အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးခဲ့ရာ ၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ကာ မန်ချက်စတာ ယူနိုက်တက်က တာဟစ်ချောင်ကို ဘာမင်ဂမ်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၅သန်း ဝန်းကျင်နဲ့ ရောင်းချဖွယ် ရှိနေပါတယ်။