MySport Myanmar

ဝိန်း ရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့ ဘာမင်ဂမ်

ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်က အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဝိန်း ရွန်းနီကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘာမင်ဂမ်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ၁၂ဦး အထိ ခေါ်ယူထားသလို ဒီရာသီမှာ ရလဒ်ကောင်းတွေလည်း တောက်လျှောက် ရယူထားနိုင်ပေမယ့် နည်းပြချုပ် အူစတေ့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် အခုလိုမျိုး ရွန်းနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အူစတေ့ရဲ့ လက်အောက်မှာ ဘာမင်ဂမ်က ပြိုင်ပွဲစုံ ၆၆ပွဲ ကစားထားရာ ၂၁ပွဲကို အနိုင်ရထားပြီး ၁၅ပွဲ သရေကျထားကာ ပွဲ ၃၀ ရှုံးနိမ့်ထားပြီး ရမှတ် ၇၈မှတ် အထိ စုဆောင်းနိုင်ခဲ့သလို သွင်းဂိုး ၇၄ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုး ၉၀ဂိုး ခွင့်ပြုခဲ့ရပါတယ်။

အူစတေ့ရဲ့ စွမ်းဆောင်ရည်က အကောင်းကြီး မဟုတ်ပေမယ့် ဘာမင်ဂမ်လို အသုံးစရိတ် နည်းပါးတဲ့ အသင်းငယ်ကို တိုက်စစ်အားသန် ဘောလုံးအသင်း ဖြစ်လာအောင် ဦးဆောင်ပေးထားနိုင်တာကြောင့် စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

ရိန်းဂျားက အူစတေ့ကို စိတ်ဝင်စားနေသလို အူစတေ့ကလည်း ရိန်းဂျားရဲ့ ကမ်းလှမ်းမှုသာ ရောက်လာရင် လက်ခံဖို့ ဆုံးဖြတ်ထားတာကြောင့် ဘာမင်ဂမ်က အူစတေ့ရဲ့ နေရာကို အစားဝင်မယ့် နည်းပြသစ် တဦးကို စတင် ရှာဖွေနေပြီး ဘာမင်ဂမ်ရဲ့ တာဝန်ရှိသူတွေက ဒါဘီနည်းပြဟောင်း ဝိန်း ရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ဘာမင်ဂမ်ရဲ့ ပိုင်ရှင်သစ် ဖြစ်တဲ့ Knighthead Capital ကုမ္ပဏီက ဘာမင်ဂမ်ရဲ့ နည်းပြသစ် အဖြစ် ဝိန်း ရွန်းနီကို ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို ရွန်းနီနဲ့ ဆက်သွယ်မှု တချို့ လုပ်ဆောင်ထားပြီး ဝိန်း ရွန်းနီကလည်း ဒီစီ ယူနိုက်တက်မှာ မပျော်တော့တာကြောင့် ဘာမင်ဂမ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားထားတာကြောင့် အူစတေ့သာ ဘာမင်ဂမ်ကို စွန့်ခွာသွားရင် ရွန်းနီဟာ ဘာမင်ဂမ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာနှုန်းပြည့် နီးပါး သေချာနေကြောင်း သိရပါတယ်။

Exit mobile version