MySport Myanmar

ရွန်းနီကို ခေါ်လိုက်မှပဲ အဆင့်(၅) ကနေ အဆင့်(၁၈) အထိ ရောက်သွားတဲ့ ဘာမင်ဂမ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီ ဦးဆောင်နေတဲ့ ဘာမင်ဂမ် စီးတီးက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်(၁၆)မှာ ဆန်းဒါးလန်းကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် အဆင့်(၁၈)နေရာ အထိ ဆင်းပေးခဲ့ရကြောင်း သိရပါတယ်။

ဒါဘီနဲ့ ဒီစီယူနိုက်တက်တို့ရဲ့ နည်းပြဟောင်း ဝိန်းရွန်းနီက အောက်တိုဘာလ လလယ်မှ စတင်ကာ ဘာမင်ဂမ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ရွန်းနီရဲ့ လက်အောက်မှာ ဘာမင်ဂမ်က ချန်ပီယံရှစ်ပွဲ ၅ပွဲ ကစားထားရာ ၁ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Sky Sports

ယမန်နေ့မှာလည်း ဘာမင်ဂမ်က ချန်ပီယံရှစ် ပွဲစဉ်(၁၆) အဖြစ် ခြေစွမ်းကောင်းတွေ ရနေတဲ့ ဆန်းဒါးလန်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ရွန်းနီက အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပေမယ့် ဘာမင်ဂမ်ဟာ အဝေးကွင်းမှာ ဆန်းဒါးလန်းကို ယှဉ်မကစားနိုင်ခဲ့ပဲ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။

ဆန်းဒါးလန်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်(၁၈)နေရာ အထိ ရောက်သွားတာကြောင့် ဘာမင်ဂမ်ရဲ့ ပရိသတ်တွေက နည်းပြဟောင်း အူစတေစီကို ရာထူးကနေ ထုတ်ပယ်ကာ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ကို မေးခွန်းထုတ် ဝေဖန်မှုတွေ လုပ်နေပါတယ်။

Photo Credit: Standard

အူစတေစီက ဘာမင်ဂမ်ကို ပွဲစဉ်(၁၁) အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ရာ သူ့ရဲ့ လက်အောက်မှာ ဘာမင်ဂမ်က ၅ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ရအောင် ယူနိုင်ခဲ့သလို ပွဲစဉ်(၁၁) အပြီးမှာ အဆင့်(၅)နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာမင်ဂမ်ပရိသတ်တွေက နည်းပြချုပ် ဝိန်းရွန်းနီကို အူစတေစီနဲ့ ခိုင်းနှိုင်းကာ ဝေဖန်မှုတွေ လုပ်နေပေမယ့် ရွန်းနီကတော့ သူ့ရဲ့ လက်အောက်မှာ ဘာမင်ဂမ်ရဲ့ ခြေစွမ်းတွေ တိုးတက်လာတယ်လို့ ဆင်ခြေပေးထားပါတယ်။ ရွန်းနီက – “ကျွန်တော်တို့တွေ ကစားခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေက အတော်လေး ကောင်းတဲ့ အသင်းတွေ ဖြစ်နေခဲ့ပါတယ်။ ပြိုင်ဘက်ကောင်းတွေနဲ့ ကစားခဲ့ရချိန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက ကစားသမားတွေကို ကစားပုံနဲ့ ပတ်သတ်ပြီး အများကြီး သင်ပေးထားနိုင်ပါတယ်။ နည်းပြအပြောင်းအလဲကြောင့် အသင်းရဲ့ ကစားပုံကလည်း ပြောင်းလဲခဲ့ပါတယ်။ ကစားသမားတွေက အပြောင်းအလဲတွေကို အသားကျအောင် လုပ်နေရပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ကစားပုံ တိုးတက်လာတာကို ခင်ဗျားတို့တွေ မြင်ကြမှာပါ။ ဒီနေ့ပွဲမှာ (ဆန်းဒါးလန်းနဲ့ပွဲ) ကျွန်တော်တို့ရဲ့ ကစားပုံက ဆောက်သမ်တန်နဲ့ပွဲထက် ပိုကောင်းခဲ့ပါတယ်။ ဒါက တိုးတက်မှုရဲ့ လက္ခဏာပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version