ဒီနေ့ဇွန်(၁၄)ရက်နေ့ Super Sunday နေ့မှာတော့ စပိန်လာလီဂါ ပွဲစဉ်(၂၈) တနင်္ဂနွေညပွဲစဉ်တွေထဲကမှ အစောဆုံးပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ နာမည်ကြီး လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ ရင်ဆိုင်ကစားခဲ့ကြရာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဧည့်သည်အသက်လက်တီကိုအသင်းကတော့ 4-2-3-1 ကစားကွက်ကို အသုံးပြုလာခဲ့ပြီး ကော်စတာ လော်ရန်တေး ကာရက်စ်ကို ဆာအူး ကိုကီ ပါတေး လိုဒီ ထရစ်ပီယာ ဆာဗစ် ယီမီနက်ဇ် အော့ဘလက်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီရာသီ လာလီဂာရဲ့ အိမ်ကွင်းခံစစ် အ​ကောင်းဆုံးအသင်းဖြစ်တဲ့ အိမ်ရှင်ဘီလ်ဘာအိုဘက်မှာတော့ ဝီလီယံစ် ဂါဆီယာ မူနီယာအင် လိုပက်ဇ်တို့လို အမာခံကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အသက်လက်တီကို ကစားပုံတည်တည်ငြိမ်ငြိမ်နဲ့ အိမ်ရှင်ဘက်ကို ထိုးဖောက်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ပဲ မိနစ်(၃၀)နောက်ပို်င်းမှာ အိမ်ရှင်ဘက်က ပိုဖိအားပေးလာနိုင်ခဲ့သလို ဝီလီယံစ်နဲ့ အဲဗာရက်ဇ်ရဲ့ခေါင်းတိုက်ချက်တွေကိုလည်း အော့ဘလက် ကြိုးစားကာကွယ်ခဲ့ရပါတယ်။ (၃၇)မိနစ်အရောက်မှာ မူနီယာအင်က အိမ်ရှင်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး (၂)မိနစ်အကြာမှာတော့ ကော်စတာက ဘီလ်ဘာအိုခံစစ် လျော့ရဲနေမှုကနေ ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ နှစ်သင်းလုံးက ပထမပိုင်းကလောက် ထိုးဖောက်တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်တော့ပဲ ပွဲက အနည်းငယ်အေးစက်ခဲ့ရာလို့ မိနစ်(၆၀)လောက်မှာပဲ နှစ်သင်းလုံး လူစားလဲမှုတွေ လုပ်ဆောင်ခဲ့ကြပြီး အသက်လက်တီကိုက လီမာနဲ့မိုရာတာတို့ကို ထည့်သွင်းလာခဲ့ပါတယ်။ နှစ်သင်းလုံး လူစားလဲမှုတွေကို အသီးသီးပြုလုပ်ခဲ့ကြပေမယ့်လည်း ထိုးဖောက်မှုတွေကတော့ ပထမပိုင်းကလောက်တော့ အကြိမ်ရေမများလာတော့ပဲ ပွဲပြီးခါနီးလောက်မှာပဲ ပွဲအရှိန်က ပြန်မြင့်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေကိုတော့ ဆက်လက်မြင်တွေ့ရခြင်းမရှိလို့ တစ်ဂိုးစီ သရေပွဲနဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်။