မန်စီးတီးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း ဆုဖလား(၄)လုံး လမ်းကြောင်းပေါ်မှာ ရှိနေရပြီး အောင်မြင်မှုတွေကို သိမ်းပိုက်ရယူနိုင်မယ့် အခြေအနေမျိုး ရှိနေတဲ့အပြင် လာမယ့်ဘောလုံးရာသီမှာလည်း အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် နွေရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေကာ လက်ရှိမှာလည်း အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Insider

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ ဗီလာအသင်းမှာ အထူးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ပြီးခဲ့တဲ့နွေစျေးကွက်ကပဲ သူ့ကို အသင်းများစွာကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဗီလာအသင်းက သူတို့ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့သလို (၅)နှစ်သက်တမ်းတိုး စာချုပ်သစ်ပါ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဗီလာအသင်းဟာ ဂရီးလစ်ရှ်အတွက် စာချုပ်ဖျက်သိမ်းကြေးကိုလည်း တန်ကြေးမြင့်မားစွာနဲ့ ချုပ်ဆိုထားနိုင်တာကြောင့် ဂရီးလစ်ရှ်ကို လာမယ့်နွေမှာ ကမ်းလှမ်းဖို့ဆိုတာက ပိုလို့တောင် ခက်ခဲလာရနိုင်ပါတယ်။

Photo Credit : Football Insider

ဒါပေမယ့် ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းဘက်ကနေ ပစ်မှတ်ထားလျက်ရှိနေပြီး ဂရီးလစ်ရှ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားဖို့အထိပါ ပြင်ဆင်လာခဲ့တယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။ ဂရီးလစ်ရှ်ကိုယ်တိုင်ကလည်း မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတဲ့အကြောင်း သူရဲ့အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကို ထုတ်ဖော်ပြောဆိုထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို ဂရီးလစ်ရှ်ကလည်း ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ချင်နေတာကြောင့် မန်စီးတီးဘက်ကနေသာ တကယ်ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဗီလာဘက်ကနေတော့ သူတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်မပေးချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းထားလိုနေပါတယ်။ မန်စီးတီးအသင်းကတော့ လာမယ့်နွေမှာ တိုက်စစ်မှူးအဂွဲရိုးကိုလည်း လက်လွတ်ရတော့မှာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ယောက် ခေါ်ယူဖွယ်ရှိနေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်း ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။