၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ဥရောပ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ယနေ့မနက် အစောပိုင်းမှာပဲ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကျင်းပဖို့ ရှိနေတာကြောင့် ကလပ်အသင်း အများစုက သူတို့အသင်းတွေရဲ့ အရန်အင်အားကို မြှင့်တင်နိုင်ဖို့ ကစားသမားသစ်တွေ တောက်လျှောက် ခေါ်ခဲ့ကြတာကိုလည်း နွေဈေးကွက် အတွင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် တချို့အသင်းတွေက ကစားသမားသစ် ခေါ်ဖို့ တွန့်ဆုတ်နေခဲ့ကြပြီး နွေဈေးကွက် ပိတ်ချိန်နီးမှ ကစားသမားသစ်တွေ ခေါ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် မှန်းဆထားသလို ကစားသမားသစ်တွေ မခေါ်နိုင်ခဲ့ကြပဲ ဒီတခါမှာတော့ ကျွန်တော်က နွေဈေးကွက် ပိတ်သွားပေမယ့် အလွတ်နဲ့ ခေါ်နိုင်ဦးမယ့် နာမည်ကြီး ကစားသမား တချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

 

Photo Credit: Mirror

မာဆယ်လို (ဘယ်နောက်ခံလူ)

ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ဘရာဇီးလ် ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုက အသက်အရွယ် အရ အကျပိုင်းကို ရောက်လာပေမယ့် သူ့ရဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းပိုင်းကိုတော့ သံသယ ဝင်စရာ မလိုပါဘူး။ ဒါကြောင့် ဘယ်နောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ အသင်းတသင်းက မာဆယ်လိုကို ခေါ်ယူဖို့ စဉ်းစားမယ် ဆိုရင် ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်လာမှာ မဟုတ်ပါဘူး။

Photo Credit: Mirror

မာတာ (ကွင်းလယ်တိုက်စစ်)

ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာလာတဲ့ ဝါရင့် စပိန်ကွင်းလယ်လူ မာတာက လက်ရှိအချိန် အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိသေးတဲ့ ကွင်းလယ်လူ တဦးပဲ ဖြစ်ပါတယ်။ မာတာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက်ခွင့် သိပ်မရခဲ့ပေမယ့် ကစားခွင့်ရတဲ့ အချိန်တိုင်း ပြိုင်ဘက်တွေကို ဒုက္ခပေးခဲ့သူပါ။ လက်ရှိမှာတော့ စပိန်လာလီဂါ ကလပ်တချို့က မာတာကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။

Photo Credit: Mirror

ဘာကလေ (ကွင်းလယ်)

မကြာသေးမီကမှ ချယ်လ်ဆီးနဲ့ လမ်းခွဲထားတဲ့ အင်္ဂလန် ကွင်းလယ်လူ ဘာကလေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဦးမယ့် ကစားသမားတွေထဲမှာ အသက်အရွယ်အရရော ၊ ခြေစွမ်းပိုင်းအရပါ အကောင်းဆုံး ကစားသမားပဲ ဖြစ်ပါတယ်။ ဘာကလေဟာ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတာကြောင့် ဒဏ်ရာပြဿနာတွေသာ ကင်းရှင်းခဲ့ရင် အားကိုးရတဲ့ ကွင်းလယ်လူ တဦး ဖြစ်လာနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပြီး ယခုအချိန်မှာ ဥရောပ နာမည်ကြီးကလပ် တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။