ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေရဲ့ အုပ်စုအဆင့်ပွဲတွေ အဆုံးသတ်သွားချိန်မှာ အခုလိုကြားရက်တွေအတွင်း ဘောပွဲတွေကို မကြည့်ရတော့ဘူးလို့ ထင်ထားခဲ့ကြပေမယ့် အခုအချိန်ဟာ ဒီဇင်ဘာလဖြစ်တာကြောင့် ဒီဇင်ဘာပွဲကျပ်ကာလအတွင်းမှာ ဘောလုံးပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း အမှတ်ပေးပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ကာ ဒီပွဲတွေမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေတာမို့ ဒီနေ့ကို  Super Wednesday လို့တောင် သတ်မှတ်လိုက်ချင်ပါတယ်။

ဒီနေ့ညမှာ ပရီးမီးယားလိဂ် အီတလီစီးရီးအေ စပိန်လာလီဂါ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးပွဲစဉ်တွေကို ကျင်းပစေမှာဖြစ်ပြီး ဒီအမှတ်ပေးလိဂ်တွေအားလုံးမှာ ပွဲကောင်းတွေ အကုန်ပါဝင်လို့နေပါတယ်။ ပရီးမီးယားလိဂ်ဘက်မှာဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ ယာဂင်ကလော့နဲ့ မော်ရင်ဟိုတို့ရဲ့ အားပြိုင်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့စပါးအသင်းတို့ပွဲ အပါအဝင် ဆောက်သမ်တန်နဲ့အာဆင်နယ်ပွဲ လက်စတာနဲ့အဲဗာတန်တို့ပွဲတွေကလည်း ပွဲကြည့်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်မှာ သေချာပါတယ်။

အီတလီစီးရီးအေဘက်မှာဆိုရင်တော့ ဂျုဗင်တပ်စ်နဲ့အတ္တလန်တာပွဲအပြင် အင်တာမီလန်နဲ့နာပိုလီတို့ပွဲပါ ပါဝင်နေတဲ့အတွက် အတော်လေးကို စောင့်ကြည့်ချင်စရာ ဖြစ်နေမှာပါ။ ဒီညမှာ တစ်ပွဲတည်းသာ ကျင်းပဖို့ရှိနေတဲ့ လာလီဂါဘက်မှာကလည်း ဘာစီလိုနာနဲ့ဆိုစီဒက်တို့ပွဲ ဖြစ်နေတဲ့အတွက် ဒီပွဲကလည်း လက်မလွတ်တမ်း စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲအဖြစ် ယူဆရဦးမှာပါ။ ဂျာမန်ဘွန်ဒစ်လီဂါဘက်မှာတော့ တခြားလိဂ်တွေလို အသင်းကြီးအချင်းချင်း တွေ့ဆုံနေတဲ့ ပွဲမျိုးမရှိပေမယ့်လည်း ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လိုက်ပ်ဇစ်က အဝေးကွင်းမှာ ဟော့ဖန်ဟင်မ်လို ကစားရခက်တဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ့် ပွဲကောင်းတစ်ပွဲ ပါဝင်နေပါတယ်။ ဒီပွဲတွေရဲ့အချိန်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

အာဆင်နယ် နဲ့ ဆောက်သမ်တန် (ည၁၂နာရီခွဲ)

လက်စတာ နဲ့ အဲဗာတန် (ည၁၂နာရီခွဲ)

လီဗာပူးလ် နဲ့ စပါး (ည၂နာရီခွဲ)

ဟော့ဖန်ဟင်မ် နဲ့ လိုက်ပ်ဇစ် (ည၁၂နာရီ)

ဂျုဗင်တပ်စ် နဲ့ အတ္တလန်တာ (ည၁၂နာရီ)

အင်တာမီလန် နဲ့ နာပိုလီ (ည၂နာရီ၁၅မိနစ်)

ဘာစီလိုနာ နဲ့ ဆိုစီဒက် (ည၂နာရီခွဲ)