အသင်းနည်းပြ ကားလို့အန်စလော့တီနဲ့ လမ်းခွဲထားခဲ့ရလို့ နည်းပြသစ်တစ်ယောက်ကို အလိုရှိနေတဲ့ အဲဗာတန်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ နူနိုဆန်တိုကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ ကြိုးပမ်းနေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ မခန့်အပ်နိုင်သေးတာကြောင့် နောက်ထပ်နည်းပြတစ်ယောက်အဖြစ် အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ အီတလီနည်းပြ အန်တိုနီယိုကွန်တီနဲ့ပါ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Football Insider

ဂျုဗင်တပ်စ် ချယ်လ်ဆီး အင်တာမီလန်နဲ့ အီတလီလက်ရွေးစင်အသင်းတွေကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကွန်တီဟာ အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက်မှာ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအပေါ် သဘောကျခြင်းမရှိတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ခဲ့တာဖြစ်ပါတယ်။ ကွန်တီ အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ စပါးအသင်းကနေ ကွန်တီကို သူတို့နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့တာကြောင့် အဲဗာတန်အသင်းကနေပါ ကွန်တီကို ထပ်မံကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Football Insider

ကနဦးမှာတော့ အဲဗာတန်အသင်းဟာ ဝုလ်ဗ်အသင်းနဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီနည်းပြကြီး နူနိုဆန်တိုကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်ထိကို သဘောတူညီမှု မရယူနိုင်သေးတာကြောင့် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ နည်းပြတွေထဲကမှ နာမည်ကျော်နည်းပြ ကွန်တီကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာလည်း အီတလီလူမျိုး ဝါရင့်နည်းပြကြီး အန်စလော့တီရဲ့နေရာမှာ နောက်ထပ် အီတလီလူမျိုးနည်းပြ ကွန်တီက အသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာကို ပိုမိုလိုလားလျက်ရှိနေပေမယ့် ထိပ်တန်းနည်းပြဖြစ်တဲ့ ကွန်တီအနေနဲ့ ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်လို့ထားတဲ့ အဲဗာတန်လို အသင်းမျိုးရဲ့ ကမ်းလှမ်းချက်ကို လက်ခံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။ အဲဗာတန်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နူနိုဆန်တို အန်တိုနီယိုကွန်တီတို့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတော်လေး ကျင်လည်ခဲ့ဖူးပြီး ခါးသီးမြို့ခံအသင်း လီဗာပူးလ်ရဲ့ နည်းပြဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ရာဖေးလ်ဘင်နီတက်ဇ်ကိုလည်း ပစ်မှတ်ထားလို့ရှိနေပြီး အသင်းပရိသတ်တွေကတော့ သူတို့ရဲ့ မာဆေးဆိုက်မြို့ခံအသင်းရဲ့ နည်းပြဟောင်း ဖြစ်နေတာကြောင့် ဘင်နီတက်ဇ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်မှာကို အလိုမရှိပဲ ဖြစ်နေကြပါတယ်။