ပရီးမီးယားလိဂ်မှာ အစဉ်အလာ ကြီးမားတဲ့ အသင်းတသင်း ဖြစ်တဲ့ လိဒ်ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ဘီယဲလ်ဆာဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လိဒ်ယူနိုက်တက်ရဲ့ နည်းပြနေရာ ကနေ နုတ်ထွက်တော့မယ်လို့ အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ဝါရင့်နည်းပြကြီး ဘီယဲလ်ဆာဟာ သူ ကိုင်တွယ်တဲ့ အသင်းတိုင်းကို ဆွဲဆောင်မှု အပြည့် ရှိတဲ့ ကစားပုံမျိုးနဲ့ ကစားနိုင်အောင် သွန်သင်ပေးနိုင်တဲ့ နည်းပြကောင်း တဦး ဖြစ်ပေမယ့် သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန်ကို စွဲမက်ပြီး ခေါင်းမာတတ်တဲ့ စိတ်ဓာတ်ကြောင့် သူ ကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ပေးဂိုးတွေ များစွာ ပေးရလေ့ ရှိပါတယ်။

Photo Credit: Sky Sports

လတ်တလောမှာလည်း ဘီယဲလ်ဆာရဲ့ လိဒ်ယူနိုက်တက်ဟာ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးနဲ့ စပါးတို့လို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေကို ဆက်တိုက် ရင်ဆိုင် ကစားခဲ့ရာ ရမှတ် တမှတ်မှ စုဆောင်းနိုင်ခဲ့ခြင်း မရှိသလို ပေးဂိုး ၁၄ဂိုး အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် လိဒ်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၆ပွဲမှာ ၁ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတခုကို ပိုင်ဆိုင်ခဲ့တာကြောင့် ပွဲစဉ်(၂၆) အပြီးမှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိနေပြီး တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ လိဒ်ယူနိုက်တက် ဘုတ်အဖွဲ့က ဘီယဲလ်ဆာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့သလို ဘီယဲလ်ဆာကလည်း ရလဒ်ဆိုးတွေ အတွက် တာဝန်ယူမှု တရပ်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘီယဲလ်ဆာရဲ့ ရှေ့နေတွေနဲ့ လိဒ်ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ ဘီယဲလ်ဆာကို ရာထူးကနေ ထုတ်ပယ်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ယနေ့ညနေပိုင်းမှာတော့ လိဒ်ယူနိုက်တက်က ဘီယဲလ်ဆာကို ရာထူးကနေ ထုတ်ပယ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာနိုင်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ ဘီယဲလ်ဆာကို ရာထူးကနေ ထုတ်ပယ်ပြီးပါက ရက်ဘူးလ် လိုက်ပ်ဇက်ရဲ့ နည်းပြဟောင်း မက်စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပါတယ်။