ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်သူ ဂျိုးလ် ဘိုင်ဒန်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်တော့မယ့် အမေရိကန် လက်ရွေးစင်အသင်း အတွက် အားပေးစကား အဖြစ် ဘောလုံးလောကမှာ အမေရိကန်တွေရဲ့ အစွမ်းကို ပြရမယ့် အချိန်ရောက်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ကဏ္ဍပေါင်းစုံ ၊ နေရာပေါင်းစုံမှာ ထိပ်တန်းအဆင့်ကို ရောက်နေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပေမယ့် ဘောလုံးအားကစားမှာတော့ အလယ်အလတ် အဆင့်သာ ရှိပြီး နိုင်ငံတကာ ဆုဖလားတွေ ရရှိဖို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေရာမြင့်မြင့် တခုဆီ ရောက်ဖို့ အတော်လေးကို ကြိုးစားနေရပါတယ်။

Photo Credit: Fox Sports

ဒါကြောင့်ပဲ အမေရိကန်နိုင်ငံရဲ့ အားကစားဝန်ကြီးဌာနက ၂၀၁၀ခုနှစ် နောက်ပိုင်းမှ စတင်ကာ သူတို့ရဲ့ နိုင်ငံမှာ ဘောလုံးအားကစား ပြန့်ပွားလာအောင် ဘောလုံး အကယ်ဒမီတွေ ဖွင့်လှစ်တာ ၊ ဒေသတွင်း ပြိုင်ပွဲတွေ ပြုလုပ်တာ စတဲ့ အချက်တွေကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ ကြိုးစားမှုကြောင့်ပဲ အမေရိကန်နိုင်ငံဟာ ပူလီဆစ် ၊ မက်ကန်နာ ၊ အာရွန်ဆန် ၊ တာနာ စတဲ့ ကြယ်ပွင့်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။

အမေရိကန်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် ၊ အီရန် ၊ ဝေးလ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုဗိုလ်နေရာကို အင်္ဂလန်နဲ့ ယှဉ်လုဖို့ မလွယ်ကူပေမယ့် ဝေးလ် ၊ အီရန် စတဲ့ အသင်းတွေကို အနိုင်ယူကာ အုပ်စု ဒုတိယနေရာကို သိမ်းပိုက်နိုင်စွမ်း ရှိပါတယ်။

Photo Credit: Fox Sports

အမေရိကန်နိုင်ငံရဲ့ သမ္မတကြီး ဂျိုးလ် ဘိုင်ဒန်ကတော့ သူတို့ရဲ့ လက်ရွေးစင် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု တစုံတရာ ရရှိမယ်လို့ ယုံကြည်နေပြီး ပြိုင်ဘက်အသင်းတွေကို အံ့ဩ တုန်လှုပ်သွားစေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပြသရမယ့် အချိန်ကို ရောက်နေပြီလို့လည်း ကြွေးကြော်သွားခဲ့ပါတယ်။

ဘိုင်ဒန်က – “ကဲ နည်းပြကြီးရေ…။ ကျွန်တော်ကတော့ ကမ္ဘာ့ဖလားကို ဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော့်ကို ထည့်ကစားမှာလား။ (ရယ်လျက်) ကျွန်တော်တို့အသင်းက Underdogအသင်း တသင်း ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကစားသမားတွေ အားလုံးကို တခု ပြောပြချင်တာသည် မင်းတို့က အကောင်းဆုံး ဆိုတဲ့ ကစားသမား တချို့ကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ဒီနိုင်ငံကို ကိုယ်စားပြုခွင့် ရထားတယ်။ ဒါကြောင့် မင်းတို့ရဲ့ နှလုံးသားတွေ ကွဲကြေသွားတဲ့ အထိ ကြိုးစား ကစားပေးကြပါ။ ပြိုင်ဘက်တွေကို အံ့ဩ တုန်လှုပ်သွားအောင် စွမ်းဆောင်ပြပါ။ တယောက်နဲ့ တယောက် ယုံကြည်ပါ။ တတ်နိုင်သလောက် ကြိုးစား ကစားပါ။ မင်းတို့ရဲ့ မိသားစုတွေ ၊ အသင်းဖော်တွေ ၊ သူငယ်ချင်းတွေနဲ့ တနိုင်ငံလုံးက မင်းတို့ရဲ့ နောက်မှာ ရှိနေပါတယ်” လို့ အမေရိကန်အသင်းကို အားပေးစကား ပြောကြားသွားခဲ့တာပါ။