မနေ့ညက ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး သာမန်ပွဲကစားချိန် မိနစ်(၉၀)အတွင်း တစ်ဖက်ကို (၂)ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်လက်ကစားရာမှာ အချိန်ပိုမှာ လူစားဝင် ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီရဲ့ အဖိုးတန်သွင်းဂိုးနဲ့ ရီးယဲလ်တို့ အနိုင်ရခဲ့ပြီး ဖိုင်နယ်ကို တတ်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။

Photo Credit : Marca

ဒီပွဲစဉ်ဟာ ဘာစီလိုနာနည်းပြဇာဗီရဲ့ သူရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ အယ်လ်ကလက်စီကိုဒါဘီ ပွဲစဉ်ဖြစ်ခဲ့ရပြီး လတ်တလော အသင်းရဲ့ ကစားပုံ အားရစရာ မရှိသေးသလို အခုပွဲစဉ်မှာလည်း ရလဒ်ပိုင်း ရှုံးနိမ့်ခဲ့ရပေမယ့် ပြိုင်ဘက်အသင်းကို အကောင်းဆုံးပုံစံမျိုး ပြသပြီး ယှဉ်ပြိုင်ကစားနိုင်ခဲ့တဲ့အတွက် အားရကျေနပ်မိတယ်လို့ ဇာဗီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဇာဗီက “ကစားပုံနဲ့ ပွဲကို လွှမ်းမိုးချုပ်ကိုင်နိုင်မှု အပိုင်းတွေမှာဆိုရင်တော့ ကျွန်တော်တို့အသင်းက ရီးယဲလ်မက်ဒရစ်အသင်းထက် ပိုကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်”

Photo Credit : Football Espana

“ကျွန်တော်တို့တွေ ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒီပွဲမှာ ကျွန်တော်တို့တွေ စွန့်စားမှုတွေ အများကြီးကို ရယူခဲ့ပြီးတော့ အကူးအပြောင်းတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပါ သိထားတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ခဲ့တယ်။ အကောင်းဆုံး ပုံစံမျိုး ရရှိနေတဲ့ အသင်းကို ကျွန်တော်တို့ဘက်ကနေ အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ ဂုဏ်ယူစွာနဲ့ကို ပြန်လာနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပြီး ရလဒ်က ဘယ်လိုပဲ ထွက်နေနေ ဒါက အသင်းရဲ့ ခြေလှမ်းသစ် တစ်လှမ်းကို အစပြုလိုက်တာကြောင့်ပါပဲ။ ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ ရလဒ်ပိုင်းအရ မဟုတ်ပဲ ပွဲအပေါ်ထားတဲ့ စိတ်ခံစားချက်တွေနဲ့ ယှဉ်ပြိုင်နိုင်မှုတွေကြောင့် အချိုးအကွေ့တစ်ခုကို ရောက်လာနိုင်တော့မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရှိလို့နေပြီး ယူရိုပါလိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေကို ဆက်လက်ဆင်နွဲသွားရဦးမှာ ဖြစ်ပါတယ်။