ရီးယဲလ် ဘက်တစ်အသင်းကတော့ စပိန် လာလီဂါ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခံစစ်မှူး အဲရစ် ဘိုင်လီကို ဆော်ဒီ ကလပ်အသင်းတွေနဲ့အပြိုင် စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဘိုင်လီက ပြီးခဲ့တဲ့ ရာသီက မာဆေးလ်အသင်းမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး အခု ယူနိုက်တက်ဆီ ပြန်ရောက်နေပေမယ့် နည်းပြ တန်ဟက်ဂ်က သူ့အသင်းမှာ ဘိုင်လီကို အသုံးပြုသွားဖို့ မရှိပဲ ရှင်းထုတ်ဖို့သာ ပြင်ဆင်နေပါတယ်။

Photo Credit : Transfermarket

ဒီလို အနာဂတ် အခြေအနေမျိုး ရှိနေတဲ့ ဘိုင်လီကို ယူနိုက်တက် ကစားသမားဟောင်းတွေ ခေါ်ယူထားတဲ့ ဆော်ဒီ ကလပ် အယ်လ်နာဆာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပြီး အယ်လ် နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ဘိုင်လီကို အသင်းဆီ လာရောက် ကစားဖို့ တိုက်တွန်းထားပါသေးတယ်။

ဒါပေမယ့် အယ်လ် နာဆာအသင်းနဲ့အပြိုင် လာလီဂါလပ် ဘက်တစ်အသင်းကလည်း ဘိုင်လီကို စိတ်ဝင်စားလို့နေပြီး ဗီလာရီးယဲလ် ကစားသမားဟောင်းကို လာလီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : Plaent Football

အသက် (၂၉)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် နောက်ခံလူ ဘိုင်လီဟာ မန်ယူနိုက်တက်နဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ ဘိုင်လီအတွက် ပေါင် (၈)သန်းလောက်နဲ့ပါ လက်လွတ်သွားဖွယ် ရှိနေပါတယ်။

ဒါကြောင့် ခံစစ်ပိုင်း မာကြောစေဖို့အတွက် အားဖြည့်မှုတွေ လိုအပ်နေတဲ့ ဘက်တစ်က ဘိုင်လီလို အတွေ့အကြုံရင့် ခံစစ်မှူးတစ်ဦးကို အလိုရှိလာခဲ့တာဖြစ်ပြီး ဘိုင်လီအနေနဲ့ လာလီဂါကိုပဲ ပြန်သွားရမလား ဆော်ဒီမှာပဲ ရော်နယ်လ်ဒို တဲလက်စ်တို့နဲ့ ပြန်ဆုံရမလားဆိုတာကိုပဲ စောင့်ကြည့်ရပါတော့မယ်။