MySport Myanmar

အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒေးဗစ် ဒီဂီယာကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘက်တစ်

စပိန်လာလီဂါရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဘက်တစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ စပိန်ကြယ်ပွင့် ဂိုးသမား ဒေးဗစ် ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် စပိန်ကြယ်ပွင့် ဂိုးသမား ဒေးဗစ် ဒီဂီယာက ထိပ်တန်း ဂိုးသမား တဦး ဖြစ်ပေမယ့် ဘောလုံးကိုင် ကစားရာမှာ အားနည်းတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို စာချုပ်သစ် မချုပ်တော့ပဲ ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို ဂိုးပေါက် ကာကွယ်နိုင်စွမ်းလည်း မြင့်မားတဲ့ အိုင်ဗရီကို့စ် ဂိုးသမား အိုနာနာကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ဒီဂီယာက ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူ လိုချင်တဲ့ လုပ်ခလစာ ၊ ပွဲထွက်ခွင့် အာမခံချက် စတဲ့ အရာတွေ မရခဲ့တာကြောင့် ဒီဂီယာဟာ ဘယ်အသင်းဆီမှ မပြောင်းပဲ အသင်းလက်မဲ့ ကစားသမား အဖြစ်သာ ဆက်ရှိနေခဲ့ပါတယ်။

လက်ရှိမှာတော့ ဆော်ဒီ ထိပ်သီးအသင်းတွေက ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဒီဂီယာကတော့ ဥရောပ ဘောလုံးဇာတ်ခုံမှာသာ ဆက်လက် ကျင်လည်ဖို့ ဆုံးဖြတ်ထားသလို ဖြစ်နိုင်ရင် သူ့ရဲ့ မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်လည် ပြောင်းရွှေ့ကာ ကစားချင်နေပါတယ်။

Photo Credit: Goal

စပိန်ဒေသတွင်း သတင်းဌာန တခု ဖြစ်တဲ့ ElDesmarque သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့ ဘက်တစ်က ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘက်တစ်နဲ့ ဒီဂီယာတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ ဘက်တစ်က လာလီဂါပြိုင်ပွဲရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ နီးစပ်နေတာကြောင့် ဒီဂီယာဟာ ဘက်တစ်ဆီ ပြောင်းပြီးရင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

Exit mobile version