မနေ့ညက ကျင်းပသွားခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ မာလာဝီအသင်းတို့ရဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွင်းမှာ မော်ရိုကိုအသင်းကို ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းသွားစေမယ့် ပွဲသိမ်းအနိုင်ဂိုးကို ဖရီးကစ်ကနေ လှလှပပ သွင်းယူနိုင်ခဲ့တဲ့ ဟာခီမီနဲ့ ပတ်သက်ပြီး ကလပ်အသင်းဖော် ဘာပေက ဟာခီမီဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံ ကစားသမားတစ်ဦးလို့ အမွှမ်းတင် မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Bein Sports

အသက်(၂၃)နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် ညာနောက်ခံလူ ဟာခီမီဟာ လက်ရှိမှာ သူရဲ့ မော်ရိုကိုအသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲကို ဆင်နွဲနေတာဖြစ်ပြီး ဒီရာသီမှာလည်း အင်တာမီလန်ကနေ ပီအက်စ်ဂျီအသင်းဆီကို ယူရိုသန်း(၆၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ထားကာ ပီအက်စ်ဂျီရဲ့ အဓိက ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၂၅)ပွဲအထိပါ ပါဝင်ကစားထားရပါတယ်။ အခုလက်ရှိ မော်ရိုကိုအသင်းနဲ့အတူ အာဖရိကပြိုင်ပွဲကို ပါဝင်နေတဲ့ ဟာခီမီဟာ ပြီးခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း ဂါဘွန်အသင်းဘက်ကို အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အခု ရှုံးထွက်ပွဲစဉ်မှာပါ ကိုက်(၃၀) အကွာအဝေးလောက်ရှိနေတဲ့ နေရာကနေ ကန်ခွင့်ရခဲ့တဲ့ ဖရီးကစ်ကနေ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဒီလို တည်ကန်ဘော ကန်သွင်းခွင့်ကနေ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သူ ဟာခီမီကို သူရဲ့ ပီအက်စ်ဂျီအသင်းဖော် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက ဟာခီမီကို “ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံကစားသမား” လို့ တွစ်တာပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်သာ ရှိသေးပေမယ့် ရီးယဲလ်မက်ဒရစ် ဒေါ့မွန် အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသလို လက်ရှိမှာလည်း ပီအက်စ်ဂျီ ကစားသမား ဖြစ်လို့နေတဲ့ ဟာခီမီက သူရဲ့လက်ရှိအသက်အရွှယ်နဲ့ ဥရောပထိပ်တန်းလိဂ် (၅)ခုထဲကမှ (၄)လိဂ်ထိ ကျင်လည်ထားခဲ့ဖူးသလို သူရဲ့လျင်မြန်ပြီး တိုက်စစ်လိုက်ပါ ကစားနိုင်မှုနဲ့ အသင်းဖော်တွေအတွက် ဖြတ်တင်ဘောတွေ ကောင်းမွန်စွာ ပေးပို့နိုင်မှုကြောင့် သူ့လို ကစားသမားမျိုးကို ကလပ်အသင်းတိုင်းက အလိုရှိကြတာ ဖြစ်ပါတယ်။ ကလပ်အသင်းဟောင်း ရီးယဲလ်နဲ့ပါ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဟာခီမီဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့ အသင်းသစ် ပီအက်စ်ဂျီအတွက် လီဂူး(၁၈)ပွဲ ပါဝင်ကစားထားခဲ့ရာ (၃)ဂိုး သွင်းယူထားပြီး (၃)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သလို ပွဲတိုင်းနီးပါးကိုလည်း ပါဝင်ကစားထားခဲ့ရပါတယ်။