၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ရာသီသစ်ကတော့ စတင်လိုက်ပြီဖြစ်ပါတယ်။ ရာသီအစ အဖွင့်ပွဲစဉ်အဖြစ် ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အလယ်အလတ်အသင်းတစ်သင်းဖြစ်တဲ့ ရှော်ကေးအသင်းတို့ ရင်ဆိုင်ကစားခဲ့ရာ အိမ်ရှင်ဘိုင်ယန်အသင်းက (၈)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ခြေပြတ်နဲ့ အပြတ်အသတ်ကို အနိုင်ယူသွားခဲ့ပြီး ရာသီသစ်မှာ တာထွက်လှပခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်အသင်းရဲ့တိုက်စစ်တန်း(၃)ယောက်အတွဲအဖက်က အတော်လေးကို ခြေစွမ်းကောင်းတွေကို ပြသခဲ့ပြီး ဂိုးမိုးရွာနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဘိုင်ယန်အသင်းဟာ တိုက်စစ်(၃)ယောက်တန်းမှာ အထောင်တိုက်စစ်မှူးအဖြစ် မနှစ်ကတည်းက ဂိုးမြူးနေတဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးကို အသုံးပြုလာခဲ့ကာ တောင်ပံတစ်ဖက်မှာ နာဘရီနဲ့ နောက်ထပ်တောင်ပံတစ်ဖက်မှာတော့ ကစားသမားသစ် လီရွိုင်းဆာနေးတို့ကို တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် တွဲဖက်ကစားခွင့်ရခဲ့တဲ့ ဒီတိုက်စစ်ကစားသမား(၃)ဦးဟာ ကြောက်မခမ်းလိလိဖြစ်လောက်အောင် ပြိုင်ဘက်အသင်းရဲ့ခံစစ်ပိုင်းအတွင်း ထိုးဖောက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး (၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့အထိ တိုက်စစ်ရဲ့ထက်မြက်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit : NWZOnline

ဒီပွဲစဉ်မှာ ဂျာမန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားနာဘရီက ဘိုင်ယန်အသင်းအတွက် ဟက်ထရစ်သွင်းဂိုး ရယူပေးနိုင်ခဲ့သလို အသင်းနဲ့ ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ဆာနေးကလည်း အသင်းအတွက် သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကလည်း သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုတော့ (၂)ကြိမ်ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ တခြားသွင်းဂိုးတွေကိုတော့ ရှော်ကေးကစားသမားဟောင်း ဂေါ့ရက်ဇ်ကာ အသင်းရဲ့ဝါရင့်ကစားသမားကြီး သောမတ်စ်မူလာနဲ့ လူငယ်ကစားသမားလေး မူရှီလာတို့က တစ်ဂိုးစီ အသီးသီးသွင်းယူနိုင်ခဲ့ကြပါတယ်။ တိုက်စစ်က သွင်းဂိုးတွေ ဝုန်းဒုံးကြဲအောင် သွင်းယူနိုင်ခဲ့တဲ့အပြင်ကို ခံစစ်ပိုင်းကလည်း ပေးဂိုးတစ်ဂိုးမှကို ခွင့်မပြုရတဲ့အထိ အကျစ်လစ်ဆုံးကစားပြနိုင်ခဲ့ပြီး နေရာစုံက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ရှော်ကေးလို အလယ်အလတ်အဆင့်ရှိတဲ့ အသင်းတစ်သင်းကို အခုလို (၈)ဂိုးပြတ်နဲ့ ချေမှုန်းလိုက်နိုင်ခဲ့တာကြောင့် အခြားအသင်းတွေအနေနဲ့ ဘိုင်ယန်နဲ့ ရင်ဆိုင်ရဖို့ ကြောက်လန့်သွားမှာ သေချာနေပြီး နာဘရီ လီဝန်ဒေါစကီးနဲ့ ဆာနေးတို့ရဲ့တိုက်စစ်အစုအဖွဲ့ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်အတွဲအဖက်တစ်ခု ဖြစ်လာနိုင်ပါတယ်။