MySport Myanmar

လိုင်ယွန်ကို ပြန်လာခြင်းက အကောင်းဆုံးသော ဆုံးဖြတ်ချက်လို့ လာကာဇက် ပြောဆို

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန် အသင်းနဲ့ သက်တမ်းထပ်မတိုးတော့ပဲ အသင်းဟောင်း လိုင်ယွန်အသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်က သူအနေနဲ့ အာဆင်နယ်ကို စွန့်ခွာပြီး လိုင်ယွန်ကို ပြန်လာခဲ့ခြင်းဟာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၁)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ လီဂူးကလပ် လိုင်ယွန်အသင်းမှာ လူငယ်ကစားသမားဘဝရော စီနီယာ ကစားသမားဘဝကိုပါ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ (၅)ရာသီကြာ ကျင်လည်ခဲ့တဲ့ လာကာဇက်ဟာ အသင်းနဲ့အတူ အက်အေဖလား ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပွဲပေါင်း(၂၀၆)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး(၇၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူခဲ့ရသေးတဲ့ လာကာဇက်ဟာ အသင်းနဲ့ (၅)နှစ်စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာတော့ ထပ်မံ သက်တမ်းတိုးခြင်း မရှိတော့ပဲ အသင်းဟောင်း လိုင်ယွန်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး လာကာဇက်က “ကျွန်တော် ဒီနေရာကို ပြန်လာတော့မယ်ဆိုတာ မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာ သိသိသာသာ ဖြစ်လာခဲ့ရပါတယ်။ ဥရောပပြိုင်ပွဲတွေ မရှိရင်တောင်မှ အသင်းရဲ့ ပရောဂျက်တွေက အရေးကြီးပါတယ်။ အဝတ်လဲခန်းအတွင်းနဲ့ ကွင်းထဲမှာ ကျွန်တော်က အသုံးဝင်နိုင်လိမ့်မယ်လို့ ခံစားမိရတယ်။ ဒါကပဲ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် အကောင်းဆုံးအရာ ဖြစ်စေခဲ့တယ်။ ကျွန်တော့်ဘက်က ဆုံးဖြတ်ချက်ချဖို့ အချိန်တစ်ခု ယူခဲ့ရပါတယ်။ ဘောလုံးဆိုတာက လှပတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုပါ။ လိုင်ယွန်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီက ရှုပ်ထွေးမှုတွေ ရှိခဲ့ရတယ်။ အဲ့ဒီလို အချိန်ကာလတွေကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့တွေ ကြီးကျယ်ခမ်းနားတဲ့ လိုင်ယွန်အသင်းတစ်သင်းကို ပြန်လည်ရှာတွေ့့နိုင်ဖို့ မျှော်လင့်ပါတယ်။ ဥရောပဝင်ခွင့်တွေ ပြန်လည်ရရှိဖို့ အမှတ်ပေးဇယားမှာ အမြင့်တစ်နေရာ ပြန်တတ်လာနိုင်ဖို့တွေကိုတော့ အရာအားလုံးထက် ဦးစားပေးပြီး ကူညီပေးသွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Exit mobile version