MySport Myanmar

ယူနိုက်တက်အပယ်ခံ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘက်ဆစ်တပ်

တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်က မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်းထဲ ကနေ ဖယ်ရှားခံထားရတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး တူရကီအခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က အတူနေချစ်သူ ရော့ဘ်ဆန်ကို အရက်မူးကာ ရိုက်နှက်မိခဲ့တာကြောင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရသူ ဖြစ်ကာ မေဆန် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ အမှုကနေ ကွင်းလုံးကျွတ် လွတ်ခဲ့ပါတယ်။

Photo Credit: Team Talk

မေဆန် ဂရင်းဝုဒ်က သူဟာ အိမ်တွင်းအကြမ်းဖက်မှု မကျူးလွန်ခဲ့ကြောင်းကို တရားရုံးမှာ အထင်အရှား သက်သေပြနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အမျိုးသမီး ပရိသတ်တွေကတော့ သူ့ကို အခုချိန်အထိ ဆန့်ကျင်နေဆဲ ဖြစ်သလို အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ ဂရင်းဝုဒ်ကို အသင်းဆီ ပြန်ခေါ်ခဲ့မယ် ဆိုရင် ယူနိုက်တက်ကို ဆန့်ကျင် ဆန္ဒပြသွားမယ်လို့လည်း ကြွေးကြော်ထားကြပါတယ်။

အမျိုးသမီးပရိသတ်တွေရဲ့ ဖိအားကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို သူတို့အသင်းမှာ ဆက်မထားတော့ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ဂရင်းဝုဒ်နဲ့ စာချုပ်ဖျက်သိမ်းတာမျိုး မလုပ်ပဲ ဂရင်းဝုဒ် တယောက် အသင်းသစ်ဆီ ပြောင်းရွှေ့တဲ့ အချိန်အထိ လုပ်ခလစာ ဆက်ပေးဖို့ သဘောတူထားပါတယ်။

Photo Credit: Standard

နာမည်ကြီး တူရကီအခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Sabah Sporရဲ့ ဖော်ပြချက်အရ တူရကီနာမည်ကြီးကလပ် ဘက်ဆစ်တပ်က ဂရင်းဝုဒ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဂရင်းဝုဒ်က သူ့ကို ဆန့်ကျင်သူတွေ များပြားတဲ့ အင်္ဂလန်မြေကို စွန့်ခွာကာ နိုင်ငံသစ် တခုဆီ ပြောင်းရွှေ့ အခြေချချင်နေတာကြောင့် ဘက်ဆစ်တပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

အကယ်၍ ဂရင်းဝုဒ်ကသာ ဘက်ဆစ်တပ်ဆီ ပြောင်းရွှေ့နိုင်ခဲ့ရင် သူဟာ တူရကီမြေမှာ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ဖရက်ဒ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်မှာပဲ ဖြစ်ပါတယ်။

Exit mobile version