အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာပဲ ကစားသမား ရှင်းထုတ်မှုတွေကို အပူတပြင်း လုပ်ဆောင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အခုလည်း အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပီယာနစ်ကို နာမည်ကြီး တူရကီကလပ် ဘက်ရှီးတက်စ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ အငှားချသွားခဲ့ပြီး ဘက်ရှီးတက်စ်ဘက်ကတော့ ပီယာနစ်ကို အငှားခေါ်ယူခအဖြစ် ယူရို(၂.၇)သန်းခန့် ပေးချေရမှာ ဖြစ်ပါတယ်။

Photo Credit : 90Min

အသက်(၃၁)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း တစ်ရာသီအတွင်း ပွဲပေါင်း(၃၀)မှာ ပွဲတော်တော်များများကို အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရသလို အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ပီယာနစ်ကို ဘာစီလိုနာအသင်းကနေ ဘက်ရှီးတက်စ်အသင်းဆီ တစ်ရာသီအငှားနဲ့ အငှားချလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့မှာပဲ အသင်းရဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်အသင်းဆီ အငှားချခဲ့သလို လူငယ်ကွင်းလယ်လူ မော်ရီဘာနဲ့ ဘရာဇီးလ်နောက်ခံအစွန်လူ အီမာဆန်တို့ကိုလည်း အသင်းကနေ အပြီးသတ် ရောင်းချခဲ့ပါတယ်။ ဥရောပရဲ့ နွေစျေးကွက် ပိတ်သိမ်းသွားချိန်မှာတောင် စျေးကွက်မပိတ်သေးတဲ့ နိုင်ငံတွေထဲကမှ တူရကီစျေးကွက်ထဲကို ဝင်ရောက်ပြီး ပီယာနစ်ကို အငှားချဖို့အတွက် ဆက်သွယ်လာခဲ့ရာ ဘက်ရှီးတက်စ်အသင်းနဲ့ ချိတ်ဆက်မိခဲ့တာကြောင့် ပီယာနစ်ရဲ့ အပြောင်းအရွှေ့ အထမြောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အရေးပါဆုံးသော ကစားသမား မက်ဆီကိုလည်း လက်လွတ်ထားခဲ့ရသလို အသင်းပစ်မှတ် တော်တော်များများကိုလည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့ပဲ ခေါ်ယူထားတဲ့ ကစားသမားတွေကို လာလီဂါပြိုင်ပွဲအတွင်း စာရင်းသွင်းနိုင်ဖို့ကိုတောင် အသင်းရဲ့ ဝါရင့်ကစားသမားတွေ ရရှိနေတဲ့ လုပ်ခလစာတွေ လျှော့ချနိုင်ခဲ့လို့သာ နောက်ဆုံးရက်အမီ စာရင်သွင်းနိုင်ခဲ့ရတာ ဖြစ်ပါတယ်။