တူရကီ စူပါလိဂ်ပြိုင်ပွဲ နာမည်ကျော် ကလပ်အသင်းဖြစ်တဲ့ ဘက်ဆစ်တက်ဟာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်းဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားကို နည်းပြရာထူး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘက်ဆစ်တက်အသင်းဟာ လက်ရှိ တူရကီ စူပါလိဂ် အမှတ်ပေးပြိုင်ပွဲမှာ အဆင့်(၅)နေရာထိ ရောက်ရှိနေပေမယ့်လည်း အသင်းက နောက်ဆုံးကစားထားတဲ့ (၃)ပွဲဆက် နိုင်ပွဲပျောက်ထားသလို ကွန်းဖရန့်စ်လိဂ်မှာလည်း (၄)ပွဲထိ ရှုံးနိမ့်ခဲ့ရင်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Duhuliye

တကယ်တော့ ဘက်ဆစ်တက်ဟာ တူရကီ ကလပ်အသင်းတွေထဲမှာ ကစားသမား အင်အားလည်း အတော်အသင့် တောင့်တင်းမှု ရှိတဲ့ အသင်းကောင်းတစ်သင်းလည်း ဖြစ်နေပေမယ့် ဒီရာသီအတွင်းမှာတော့ ရုန်းကန်မှုတွေ ရင်ဆိုင်နေရပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဘက်ဆစ်တက်အသင်းက အသင်းရဲ့ ဝါရင့်နည်းပြကြီးကို ရာထူးကနေ ထုတ်ပယ်ထားလိုက်ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲကမှ နည်းပြ ဆိုးလ်ရှားကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Duhuliye

နော်ဝေ ဘောလုံးသမားဟောင်းကြီး ဆိုးလ်ရှားက ကစားသမားဘဝတုန်းက မန်ယူနိုက်တက်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ သူရဲ့ နည်းပြ အတွေ့အကြုံတွေက နုနယ်လျက် ရှိနေသေးသလို မယ်မယ်ရရ အောင်မြင်မှုမှလည်း မရယူနိုင်ခဲ့သေးပါဘူး။

၂၀၂၁ခုနှစ် နိုဝင်ဘာလကတည်းက လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆိုးလ်ရှားကို ဘက်ဆစ်တက်အသင်းဘက်က (၁)နှစ်ခွဲစာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာဖြစ်ပြီး ဒီကမ်းလှမ်းမှုကို ဆိုးလ်ရှားဘက်က ဘယ်လို တုံ့ပြန်သွားမလဲဆိုတာကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။