မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ ရမှတ်ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒုတိယနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟချက် ကပ်သီးလေးထိ ဖြစ်လာနိုင်ပေမယ့်လည်း လီဗာပူးလ်ထက် ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ သူတို့ကို ဒုက္ခပေးနေကြ အသင်းတစ်သင်းဖြစ်တဲ့ ပဲလေ့စ်နဲ့ ရင်ဆိုင်ရချိန်မှာ ဂိုးလုံးဝ မသွင်းယူနိုင်ခဲ့ပဲ ဂိုးမရှိသရေပွဲနဲ့ အဆုံးသတ်လိုက်ရတာကြောင့် လီဗာပူးလ်အသင်းက ဒီကြားရက်ထဲ အာဆင်နယ်ကို အနိုင်ရလိုက်မယ်ဆိုရင် အမှတ်ကွာဟချက်က (၁)မှတ်သာ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားကတော့ သူတို့ရဲ့အိမ်ကွင်း အယ်တီဟတ်မှာ လီဗာပူးလ်အသင်းကို ဧည့်ခံကစားသွားရမယ့် ပွဲစဉ်ရှိနေသေးတာကြောင့် အမှတ်ပေး ချန်ပီယံဆုပြိုင်ပွဲအတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SI

ဘာနာဒိုဆေးလ်ဗားက ” ကျွန်တော်တို့တွေက ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပေမယ့် ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ရှေ့လျှောက် (၉)ပွဲ ကစားဖို့ ရှိနေသေးတယ် ဆိုပေမယ့် လီဗာပူးလ်အသင်းထက် ကျွန်တော်တို့ရဲ့ အနေအထားက ပိုကောင်းနေသေးသလို ကျွန်တော်တို့ရဲ့ကွင်းမှာ ကစားရဦးမှာဖြစ်လို့ စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့မှ ကစားရတာ မလွယ်ပါဘူး။ သရေရလဒ်ထက် အနိုင်ရလဒ်က အမြဲတမ်း ပိုကောင်းပြီးတော့ လီဗာပူးလ်အသင်းထက် (၆)မှတ်အထိ အသာစီးရချင်ခဲ့တယ်။ ဒါက ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပြီး သူတို့ဘက်ကလည်း တန်ပြန်တိုက်စစ်ကနေ တစ်ကြိမ်နှစ်လောက်ပဲ လုပ်ဆောင်နိုင်ခဲ့တယ်။ သူတို့က အများကြီး မဖန်တီးနိုင်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုတွေကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပေမယ့် မသွင်းယူနိုင်ခဲ့ဘူး။ အရမ်းကို စိတ်ပျက်စရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။