MySport Myanmar

သူတို့က ယူ-၁၅အသင်းလို ကစားသွားခဲ့တာလို့ ဆိုလိုက်တဲ့ ဘာနာဒို ဆေးလ်ဗား

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အိမ်ရှင် မန်စီးတီးအသင်းက ပွဲပြီးဆုံးခါနီးလောက်အထိ တစ်ဂိုးအသာနဲ့ ဦးဆောင်ထားရင်းကနေ ပင်နယ်တီ ချေပဂိုးနဲ့ အာမတ်ရဲ့ အသည်းခွဲသွင်းဂိုးတွေကို ခွင့်ပြုခဲ့ရရင်း Etihad မှာ မန်စီးတီးတို့ ဒါဘီပြိုင်ဘက် ယူနိုက်တက်ကို အရှုံးပေးသွားခဲ့ရပါတယ်။

ပထမပိုင်းမှာ နောက်ခံလူ ဂဗာဒီယောရဲ့ ခေါင်းတိုက်ဂိုးနဲ့ တစ်ပွဲလုံးနီးပါး ဦးဆောင်ထားခဲ့တဲ့ မန်စီးတီးဟာ ပွဲပြီးခါနီးမှာ ပင်နယ်တီ ကန်ခွင့်ပြုခဲ့ရင်း ဒီပင်နယ်တီကို ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က သွင်းယူ ချေပခဲ့သလို မာတီနက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ တစ်ဆင့် အာမတ်က အနိုင်ဂိုးကိုပါ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The New York Times

ဒီရှုံးပွဲကြောင့် မန်စီးတီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၁)ပွဲအတွင်း နော်တင်ဟမ် ဖောရက်စ် တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး (၈)ပွဲတောင် ရှုံးပွဲတွေ့ထားခဲ့ရပါတယ်။ အခု မန်ချက်စတာဒါဘီ ရှုံးပွဲအပေါ် မန်စီးတီး ကစားသမား ဘာနာဒို ဆေးလ်ဗားလည်း အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေရပြီး အသင်းဖော်တွေကိုပါ ဝေဖန်လိုက်ပါတယ်။

“မြို့ခံဒါဘီပွဲရဲ့ (၈၇)မိနစ်မှာ (1-0) နဲ့ အနိုင်ရတုန်း အသင်းက ထောင့်ကန်ဘော ကန်ရချိန် ဂိုးသမားထိ ဘောလုံးရောက်သွားဖို့ကနေ ပင်နယ်တီပဲ ခွင့်ပြုပေးလိုက်ရတယ်။ ပွဲပြီးခါနီး မိနစ်ပိုင်းလေးအလိုမှာပဲ အခုလို ညံ့ဖျင်းလွန်းအားကြီးတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့မယ်ဆိုရင် အဲ့ဒါတွေအတွက် ထိုက်ထိုက်တန်တန် ပေးဆပ်ရပါမယ်။”

Photo Credit : ESPN

“ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်လည် ဆန်းစစ်ရပါမယ်။ ငါတို့ကစားတာ အရမ်းကောင်းတယ်။ ငါတို့က နည်းနည်းပဲ ကံမကောင်းခဲ့တာဆိုပြီး အဲ့ဒီအကြောင်းတွေ မဟုတ်ဘူး။ ဒါက မင်းလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေပါပဲ။ ဒီနေ့ နောက်ဆုံးမိနစ်မှာ ကျွန်တော်တို့ဟာ (၁၅)နှစ်အောက် ကစားသမားလေးတွေလို ကစားခဲ့ပြီး အဲ့ဒီအကျိုးဆက်ကို ခံလိုက်ရပါတယ်။” လို့ ဘာနာဒို ဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။

ဒီပွဲမှာ မန်စီးတီး ကွင်းလယ်လူ မာသီးယပ်စ် နူးနက်စ်က ဂိုးသမား အီဒါဆင်ဆီ ဘောလုံးပေးပို့ရာကနေ နူးနက်စ်နဲ့ ဂဗာဒီယောတို့ကြား နားလည်မှု လွဲချော်သွားရာကနေ အာမတ်က ဘောလုံးရရရှိသွားရင်း အာမတ်ဆီကနေ ဘောလုံးပြန်လုဖို့ ကြိုးစားတဲ့ နူးနက်စ်ရဲ့ ကစားပုံ ကြမ်းတမ်းရာကနေ ပင်နယ်တီ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီဂိုးပေးပြီး မိနစ်ပိုင်းအတွင်းမှာပဲ အာမတ်ရဲ့ အနိုင်ဂိုးကိုပါ ဆက်တိုက် ခွင့်ပြုပေးခဲ့ရပါတယ်။

Exit mobile version