ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကစားသမားလေး ဂျာအို နေးဗက်စ်ကို ခါးသီး မြို့ခံကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့သွားစေချင်ဘူးလို့ မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကွင်းလယ် ကစားသမားလေး ဂျာအို နေးဗက်စ်ကို အသင်းဆီ အရ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းဈေးကွက်မှာပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ပါ ရှိနေပါတယ်။

Photo Credit : United in Focus

ဘင်ဖီကာ အကယ်ဒမီထွက် ကစားသမားလေး နေးဗက်စ်ဟာ ဘင်ဖီကာကနေ အန်ဇို ဖာနန်ဒက်စ် ထွက်ခွာသွားချိန်ကနေ စတင်ပြီး ပွဲကစားခွင့်တွေ တဖြည်းဖြည်း ရရှိလာခဲ့ရင်း နောက်ပိုင်း ပေါ်တူဂီ လက်ရွေးစင်အသင်းမှာလည်း ပါဝင် ကစားခွင့် ရရှိလာခဲ့ပါတယ်။

ကွင်းလယ်ခံစစ်နေရာမှာ အဓိက ကစားတတ်သူ နေးဗက်စ်ကို မန်ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ဘင်ဖီကာ ပွဲစဉ်တွေအထိ သွားရောက် လေ့လာခဲ့သလို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကပါ နေးဗက်စ်ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Fabrizo Romano

ဒါပေမယ့် ဖာနန်ဒက်စ်အတိုင်း ဘာနာဒို ဆေးလ်ဗားကလည်း လက်ရွေးစင် အသင်းဖော်လေး ဂျာအို နေးဗက်စ်ကို သူရဲ့ လက်ရှိကလပ် မန်စီးတီးအသင်းဆီ ခေါ်ဆောင်သွားချင်တယ်လို့ ပြောဆိုလာခဲ့သလို ယူနိုက်တက်ဆီ ရောက်ရှိသွားမှာကို မလိုလားဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

“ကျွန်တော်ကတော့ ဂျာအို နေးဗက်စ် မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မှာထက် မန်စီးတီးအသင်းမှာပဲ တွေ့မြင်ချင်တာ အသေအချာပါ။” လို့ ဘာနာဒို ဆေးလ်ဗားက ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် နေးဗက်စ်ရဲ့ စာချုပ် ဖျက်သိမ်းကြေး တန်ဖိုးက ယူရို သန်း(၁၂၀)အထိ ရှိလို့နေပါတယ်။