MySport Myanmar

ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ဖို့ ကိုယ်တိုင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးတဲ့ ဘာနာဒိုဆေးလ်ဗား

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူရဲ့ မန်စီးတီး အသင်းဖော်ဟောင်း ဖယ်ရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်း တာဝန်ရှိသူတွေ အင်္ဂလန်နိုင်ငံကို လာရောက်စဉ်မှာ သူလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်ကြောင်းနဲ့ သူ့ကိုပါ ခေါ်ယူပေးသွားဖို့ သူကိုယ်တိုင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Mirror

ပေါ်တူဂီ ကွင်းလယ်ကစားသမားဟောင်းကြီး ဒေကိုကြောင့် ဘာစီလိုနာ ပရိသတ်တစ်ဦး ဖြစ်လာခဲရသူ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့်လည်း ဘာစီလိုနာအသင်းသား ဖြစ်လာဖို့ ဆန္ဒရှိနေသူဖြစ်ပြီး သူကိုယ်တိုင်ပါ သူ့ကို ခေါ်ယူပေးဖို့အထိ တောင်းဆိုမှုပါ ပြုလုပ်ခဲ့သေးတယ်လို့ Mundo Deportivo ကနေ ဖော်ပြထားခဲ့ပါတယ်။ သူရဲ့ တောင်းဆိုမှုက သက်သက် နောက်ပြောင်မှုသာ ဖြစ်လိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှသာ တကယ်ကို တောင်းဆိုထားတဲ့ ကမ်းလှမ်းမှုမှန်း သိခဲ့ရသလို ဘာနာဒိုဆေးလ်ဗားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကပါ ပြီးခဲ့တဲ့ ဇန်နဝါရီလောက်ကတည်းက လာပေါ်တာ အပါအဝင် ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားခဲ့သေးတယ်လို့ သိထားရပါတယ်။

Photo Credit : Sportskeeda

လက်ရှိ ဘာစီလိုနာအသင်းကို ကိုင်တွယ်နေတဲ့ ဇာဗီနဲ့အတူ ၂၀၀၄ခုနှစ်မှာ ကလပ်အသင်းဖော်တွေ ဖြစ်ခဲ့တဲ့ ဒေကိုကြောင့် ဘာစီလိုနာအသင်းရဲ့ ပရိသတ်ဖြစ်လာခဲ့ရသူ ဘာနာဒိုဆေးလ်ဗားဟာ သူ့ကစားသမားဘဝတလျှောက်လုံး ဘာစီလိုနာမှာ ပါဝင်ကစားရဖို့ အိမ်မက်မက်ခဲ့ရသူဖြစ်ပြီး လက်ရှိမှာလည်း ဘာစီလိုနာအသင်းက သူတို့ရဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လက်လွတ်ရဖို့ နီးစပ်လာတာကြောင့် ဒီဂျောင်နေရာမှာ ဆေးလ်ဗားနဲ့ အစားထိုးဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကတော့ ဆေးလ်ဗားဟာ လာမယ့်ဘောလုံးရာသီမှာလည်း သူတို့အသင်းမှာပဲ ဆက်လက်ရှိနေလိမ့်မယ်လို့ အခိုင်အမာ ပြောကြားထားခဲ့ပေမယ့် သူက အသင်းမှာ နေမပျော်တဲ့ ကစားသမားမျိုးတွေ ဆိုရင်တော့ သဘောမကျဘူးလို့ ရှင်းလင်းပြောဆိုထားခဲ့ပါသေးတယ်။ မန်စီးတီးအသင်းဟာ မိုနာကိုကစားသမားဟောင်း ဆေးလ်ဗားကို ၂၀၁၉ခုနှစ်ကမှ စာချုပ်သက်တမ်းတိုးထားခဲ့တာဖြစ်လို့ ဆေးလ်ဗားဟာ ၂၀၂၅ခုနှစ်အထိ မန်စီးတီး ကစားသမားအဖြစ် ဆက်လက်ရှိနေရမှာဖြစ်ပေမယ့် အခုဈေးကွက် မပိတ်ခင်မှာလည်း ဘာစီလိုနာအသင်းဆီပါ ပြောင်းရွှေ့သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version