MySport Myanmar

ဆုဖလားတွေနဲ့ အလှမ်းဝေးနေတဲ့ အာဆင်နယ်ကို ထိုးနှက်လိုက်တဲ့ ဘာနာဒို ဆေးလ်ဗား

မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ မနေ့ညက အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အပြီးမှာပဲ အာဆင်နယ်နည်းပြ အာတီတာရဲ့ နည်းစနစ်ပိုင်းတွေကို ဝေဖန်သွားခဲ့သလို အဓိက ဆုဖလားတွေကြီးနဲ့ အလှမ်းဝေးနေရတဲ့ အာဆင်နယ်ကို ထိုးနက်မှုတွေပါ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ မနေ့ညက အယ်တီဟတ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရင်း ဧည့်သည် အာဆင်နယ်က (1-2) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခါနီးမှ ဂျွန်စတုန်းစ်ရဲ့ နောက်ကျ ချေပဂိုးကြောင့် (၁)မှတ်စီသာ ခွဲယူလိုက်ရပြီး ပွဲအတွင်းမှာလည်း အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit : Daily Express

ဒီပွဲမှာ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး စီးတီး ကစားသမားဘဝ ဂိုး(၁၀၀) ပြည့်မြောက်ခဲ့ရပေမယ့် ရီကာဒို ကာလာဖီအိုရီက အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတဲ့ ပွဲမှာပဲ အလန်းစား သွင်းဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့ပြီး ခေါင်းတိုက်ဂိုးတွေ သွင်းယူနေကြ ဂါဘရီရယ်က set-piece ကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။

ဒီလို ဦးဆောင်ထားခါမှ အာဆင်နယ် ကစားသမား ထရော့ဆာက (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရလို့ ဒုတိယပိုင်းကို ကစားသမား တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရရင်း ပွဲပြီးခါနီး အချိန်ပိုမိနစ်တွေအထိ (၁)ဂိုး (၂)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို (၈)မိနစ်ရောက်မှပဲ လူစားဝင် ကစားသမား စတုန်းစ်က မန်စီးတီးအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူကာ (၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီးမှာ ဘာနာဒို ဆေးလ်ဗားက နည်းပြအာတီတာရဲ့ နည်းစနစ်ပိုုင်းတွေကို ဝေဖန်မှု ပြုလုပ်ခဲ့ပြီး အထူးသဖြင့် ကစားသမား (၁၀)ယောက်တည်း ကစားရချိန် ခံစစ်ကို ပိုမိုကစားတဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အာဆင်နယ်ရဲ့ ဆုဖလားတွေနဲ့ အလှမ်းဝေးနေမှုကိုပါ ထိုးနှက်လိုက်ပါသေးတယ်။ “အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ရင်ဆိုင်ရတဲ့အခါ ခြားနားချက်ကိုတော့ ကျွန်တော် မသိပါဘူး။ ဖြစ်နိုင်တာကတော့ လီဗာပူးလ်က ပရီးမီးယားလိဂ်ဖလား ရခဲ့ဖူးတယ်။”

“အာဆင်နယ်ကတော့ မရခဲ့ဖူးဘူး။ နောက်ပြီး လီဗာပူးလ်က ချန်ပီယံလိဂ်ဖလားလည်း ရခဲ့ဖူးသေးတယ်။ အာဆင်နယ်က ဒီဖလားလည်း မရခဲ့ဘူး။ နောက်ပြီး လီဗာပူးလ်အသင်းက ကျွန်တော်တို့နဲ့ ရင်ဆိုင်ရပြီဆိုုတာနဲ့ အနိုင်ရဖို့ ကြိုးစားတယ်။ ဒါကြောင့် ဒီရှုထောင့်အရ အာဆင်နယ်နဲ့ ကစားရတဲ့ပွဲတွေက လီဗာပူးလ်နဲ့ ရင်ဆိုင်ရသလိုမျိုး မဟုတ်ဘူးဆိုတာ သေချာပါတယ်။” လို့ ဘာနာဒို ဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။

Exit mobile version