မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဘာနာဒို ဆေးလ်ဗားဟာ ဒီနွေမှာ အသင်းပြောင်းဖို့ထက် မန်စီးတီးအသင်းနဲ့သာ စာချုပ်သစ် ချုပ်ဆိုသွားဖို့သာ အခြေအနေ များလာခဲ့တယ်လို့ သိရှိရပါတယ်။

ဒီနွေမှာ ဆေးလ်ဗားနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေက အမျိုးစုံ ထွက်ပေါ်လျက် ရှိနေရပြီး ပီအက်စ်ဂျီ ဘာစီလိုနာနဲ့ ဆော်ဒီ ကလပ်အသင်းတွေပါ ဆေးလ်ဗားကို ခေါ်ယူချင်နေသလို ဆေးလ်ဗားကိုယ်တိုင်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Photo Credit : TEAMtalk

 

နောက်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းမှာတော့ ဘာစီလိုနာက ဆေးလ်ဗား နဲ့ ကန်ဆယ်လိုတို့ကို အငှားနဲ့ ကမ်းလှမ်းခဲ့ပြီး ဆေးလ်ဗားကိုတော့ အငှား + ယူရို သန်း(၇၀)နဲ့ အပြီးသတ် ခေါ်ယူမှု ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းထားခဲ့တယ်ဆိုပြီး စပိန် မီဒီယာတွေဆီကနေ ဖော်ပြလာခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးဘက်ကတော့ ဘာနာဒို ဆေးလ်ဗားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘယ်ကလပ်အသင်းနဲ့မှ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒမရှိကြောင်း တုံ့ပြန်ထားခဲ့ကာ ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်ကိုလည်း လုံးဝ ပယ်ချထားခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို သတိပေးမှုတွေ ပယ်ချမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် မန်စီးတီးက ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဆေးလ်ဗားအတွက် စာချုပ်သစ် ကမ်းလှမ်းမှုကိုပါ တရားဝင် ပို့ဆောင်ထားတယ်လို့ ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

မန်စီးတီးက အသင်းအတွက် အရေးပါလှတဲ့ ဆေးလ်ဗားလို ကစားသမားတစ်ဦးကို အသင်းကနေ အလွယ်တကူ လက်လွတ်မသွားချင်ပဲ ကစားသမားသာ ဆန္ဒရှိမယ်ဆိုရင် ချက်ချင်း စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်သလို ဆေးလ်ဗားဘက်ကလည်း လက်ရှိအချိန် ဘာစီလိုနာကို ပြောင်းတာထက် မန်စီးတီးမှာ ဆက်လက် ရှိနေတာက ပိုပြီး သင့်တော်နိုင်မယ်လို့ ယူဆထားတာကြောင့် မန်စီးတီးနဲ့ပဲ သက်တမ်းတိုးဖွယ်သာ ရှိနေပါတယ်။