ဆော်ဒီကလပ်အသင်းတွေရဲ့ ငြင်းဆန်ရ ခက်ခဲစေနိုင်မယ့် ကမ်းလှမ်းမှုတွေ လက်ခံ ရရှိထားချိန် တစ်ဖက်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ ကြိုးပမ်းမှုတွေ ရရှိထားချိန်မှာ ဘာနာဒို ဆေးလ်ဗားကတော့ ဘာစီလိုနာအသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ စပိန် သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Twitter
ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ချက်စတာ စီးတီးအသင်းနဲ့ ဖလား (၃)လုံး အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ဒီနွေမှာတော့ မန်စီးတီးကို စွန့်ခွာသွားဖို့ ရှိနေပြီး သူ့ကို ပီအက်စ်ဂျီ နဲ့ ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီအသင်းတွေကလည်း ဆေးလ်ဗားအတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားကြပေမယ့်လည်း ဆေးလ်ဗား ကိုယ်တိုင်ကတော့ သူ ကစားချင်ဆုံး ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။
Photo Credit : theScore
ဘာစီလိုနာကလည်း ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ယခင်ကတည်းက ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပေမယ့်လည်း အခု ဈေးကွက်အတွင်းမှာတော့ အသင်းက ကစားသမားတချို့ ရောင်းမထွက်နိုင်သေးတာကြောင့် ဆေးလ်ဗားလို ယူရို သန်း (၇၀) သန်း (၈၀)လောက်အထိ တန်ကြေးရှိနေတဲ့ ကစားသမားမျိုးကို ကမ်းလှမ်းဖို့က ခက်ခဲနေရပါတယ်။ ဒါပေမယ့်လည်း ဆေးလ်ဗားကတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ဦးစားပေးအဖြစ် သတ်မှတ်ထားတာကြောင့် တခြားသော ကမ်းလှမ်းမှုတွေကို လစ်လျူရှုထားဖွယ် ရှိနေပါတယ်။
ဘာစီလိုနာအသင်းက ဒီနွေမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ဂွန်ဒိုဂန်ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး ယခင်က ခေါ်ယူထားခဲ့ဖူးတဲ့ ဖာရန် တောရက်စ် ၊ အဲရစ် ဂါဆီယာ နဲ့ ဆာဂျီယို အဂွဲရိုးတို့ကတော့ ဘာစီလိုနာအတွက် flop players တွေသာ ဖြစ်ခဲ့ရပါတယ်။