လာမယ့် ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီက အသင်းနဲ့ သက်တမ်းတိုးဖို့ မရှိနိုင်တော့တာကြောင့် တကယ်လို့ ပီအက်စ်ဂျီအနေနဲ့ မက်ဆီကိုသာ လက်လွတ်ခဲ့ရမယ်ဆိုရင် သူ့နေရာမှာ မန်စီးတီးအသင်းရဲ့ ပေါ်တူဂီ ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ ပြန်လည် အစားထိုးနိုင်တယ်လို့ သိရပါတယ်။

Photo Credit : CNN

ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဈေးကွက်အတွင်းမှာ မက်ဆီ အပြင် မက်ဆီရဲ့အသင်းဖော် နေမာကိုပါ ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှာ အသင်း တိုက်စစ်ပိုင်းအတွက် အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေရာ အထောင် တိုက်စစ်နေရာအတွက် အိုဆင်မန် ဒါမှမဟုတ် ဟာရီကိန်းတို့ကို ပစ်မှတ်ထားနေသလို မက်ဆီနေရာမှာလည်း ဘာနာဒိုဆေးလ်ဗားနဲ့ပါ အစားထိုးသွားချင်နေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေက အသင်းရဲ့ ရလဒ်ပိုင်းတွေ မကောင်းမွန်တဲ့ အချိန်တိုင်းမှာ အသင်းရဲ့ တောင်အမေရိက ကစားသမားတွေဖြစ်သူ မက်ဆီ နဲ့ နေမာတို့ကို ပစ်မှတ်ထားပြီး လှောင်ပြောင် ကဲ့ရဲ့မှုတွေ အမြဲတမ်း လုပ်ဆောင်လေ့ ရှိတာကြောင့် ဒီအခြေအနေမှာ မက်ဆီရော နေမာရောပါ စိတ်ပျက်လျက် ရှိနေပြီး လာမယ့် ဈေးကွက်အတွင်းမှာပဲ အသင်းကို စွန့်ခွာချင်နေပါတယ်။

Photo Credit : Youtube

ဒါကြောင့် ပီအက်စ်ဂျီရဲ့ အကြံပေးဖြစ်သူ လူးဝစ်ကမ်ပို့စ်က အသင်းကနေ မက်ဆီသာ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာမှာ လီဂူးဝမ်း ကစားသမားဟောင်းဖြစ်သူ ဘာနာဒိုဆေးလ်ဗားနဲ့ အစားထိုးသွားချင်နေပါတယ်။ အသက် (၂၈)နှစ်အရွယ် မိုနာကို ကစားသမားဟောင်း ဆေးလ်ဗားဟာ ကွင်းလယ် တိုက်စစ်နေရာမှာရော တောင်ပံနေရာမှာပါ လိုက်ပါ ကစားနိုင်သူဖြစ်လို့ သူ့ကို ပီအက်စ်ဂျီဘက်က စိတ်ဝင်စားနေသလို ဘာစီလိုနာအသင်းဟာလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ ပီအက်စ်ဂျီရဲ့ အရေးအကြီးဆုံး ကစားသမားဖြစ်သူ ကီလီယန်အမ်ဘာပေဟာ မိုနာကိုမှာ ဘာနာဒိုဆေးလ်ဗားနဲ့ တွဲဖက် ကစားခဲ့ဖူးတာဖြစ်လို့ ဘာပေကိုယ်တိုင်လည်း သူ့အသင်းဖော်ဟောင်း ဆေးလ်ဗားကို ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိစေချင်နေပါတယ်။