ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး မကြာခင်မှာ ဘာနာဒို ဆေးလ်ဗား အတွက် မန်ချက်စတာ စီးတီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားက ၂၀၁၇ခုနှစ်မှာ မိုနာကိုကနေ မန်ချက်စတာ စီးတီးထံ ပြောင်း​ရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကာ ၅နှစ်တာ ကာလအတွင်းမှာ အသင်းနဲ့အတူ ဆုဖလား ၁၁လုံး အထိ အရယူထားနိုင်သူပါ။

Photo Credit: The Sun

ဘာနာဒို ဆေးလ်ဗားရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ အတော်များများကို အသင်းကနေ ထွက်ခွာခွင့် ပေးထားတဲ့ ပီအက်စ်ဂျီက ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ဘာနာဒို ဆေးလ်ဗားကလည်း ပြင်သစ်မြေဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဘာနာဒို ဆေးလ်ဗားရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ယခုအချိန်မှာတော့ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး မကြာခင်မှာပဲ ဘာနာဒို ဆေးလ်ဗား အတွက် မန်ချက်စတာ စီးတီးထံ တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်တော့မယ်လို့ သိရပါတယ်။

 

Photo Credit: The Sun

တချို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ပီအက်စ်ဂျီဟာ ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးက ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိထားရပြီး မန်ချက်စတာ စီးတီးဟာ ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။