ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်တဲ့ ဘာနာဒို ဆေးဗား ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူသင့်ကြောင်း အသင်းကို တိုက်တွန်း သွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားကာ ၆ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Mirror

လက်ရှိမှာ အမ်ဘာပေရဲ့ ကာလတန်ကြေးဟာ ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းကျော် ရှိပေမယ့် သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဥရောပအသင်းကြီးတွေ များစွာ ရှိနေကြပြီး အဆိုပါ အသင်းတွေထဲမှာ ရီးရဲလ် မက်ဒရစ် အသင်း ၊ ဂျူဗင်တပ်အသင်း ၊ ဘာစီလိုနာ အသင်း ၊ လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ဟာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းစား နေကြပါတယ်။ အမ်ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၂ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အမ်ဘာပေကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ကျိန်းသေပေါက် လှုပ်ရှားလာမှာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်း အနေနဲ့ အမ်ဘာပေကို စာချုပ်သက်တမ်းသာ မတိုးမြှင့်နိုင်ခဲ့ပါက လာမယ့် နွေဈေးကွက်မှာ ကျိန်းသေပေါက် ရောင်းချရမှာ ဖြစ်ကာ အကယ်၍ မရောင်းချနိုင်ခဲ့ပါက အမ်ဘာပေကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိပါတယ်။

Photo Credit: Mirror

အမ်ဘာပေနဲ့ မိုနာကိုအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ မန်စီးတီး အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးဗား ကတော့ အမ်ဘာပေကို မန်စီးတီး အသင်းမှာ မြင်တွေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေကြား သွားခဲ့ပါတယ်။ ပြင်သစ် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ L’Equipe သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြင်သစ် အသင်းသား တစ်ယောက်ကို အီတီဟတ်ဆီ ခေါ်ရမယ်ဆိုရင် ဘယ်တစ်ယောက်ကို ခေါ်ယူချင်လဲလို့ မေးခံရတဲ့ အချိန်မှာ ဘာနာဒိုက အမ်ဘာပေလို့ လျင်လျင်မြန်မြန် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဘာနာဒိုက “အမ်ဘာပေကို ခေါ်ချင်တာပေါ့။ ကျွန်တော် မိုနာကိုမှာ ရှိနေတဲ့ အချိန်ထဲက သူဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်နေပါပြီ။ ပြီးတော့ သူက ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ သူ့ကို ခေါ်ယူနိုင်မယ် ဆိုရင် ဘာ့ကြောင့် မခေါ်ရမှာလဲဗျာ…” လို့ ဖွင့်ဟ သွားခဲ့တာပါ။