MySport Myanmar

အေဂျက်ဆီ ပြောင်းခဲ့တာကြောင့် ကစားသမားဘဝ တဆင့် မြင့်သွားပြီ ဆိုတဲ့ ဘာ့ချ်ဝင့်

ယခု နွေဈေးကွက် အတွင်းမှာပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ကတော့ အေဂျက်ဆီ ပြောင်းရွှေ့လာတာဟာ သူ့ရဲ့ ကစားသမားဘဝကို တဆင့် မြှင့်လိုက်တာနဲ့ အတူတူပါပဲလို့ အေဂျက် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်က စပါးကနေ အေဂျက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အေဂျက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal Ball

ဘာ့ချ်ဝင့်ဟာ စပါးမှာ ကစားခဲ့စဉ်က ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် နယ်သာလန် လက်ရွေးစင် အသင်းမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရသလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်တာကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အန်တိုနီကို လက်လွှတ်ရဖို့ နီးစပ်နေတဲ့ အေဂျက်က သူ့ကို ခပ်မြန်မြန် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဘာ့ချ်ဝင့်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ နယ်သာလန်ကလပ် အေဂျက်ထံ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာကြောင့် နယ်သာလန် ပရိသတ် အများစုက ဘာ့ချ်ဝင့်ရဲ့ ကစားသမား ဘဝဟာ တဆင့် နိမ့်သွားပြီလို့ ယူဆနေကြပေမယ့် ဘာ့ချ်ဝင့်ကတော့ အေဂျက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အစဉ်အလာ ကြီးမားသလို သူက အေဂျက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရှိနေတာကြောင့် စပါးကနေ ထွက်ခွာခဲ့တာဟာ သူ့ရဲ့ ကစားသမား ဘဝကို တဆင့် မြင့်တက်သွားစေတာပါလို့ ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Goal Ball

ဘာ့ချ်ဝင့်က – “ကျွန်တော်က စပါးမှာ အရန် ကစားသမား အဖြစ်ပဲ နေခဲ့ရပါတယ်။ ကျွန်တော်က ပုံမှန် ကစားခွင့် ရချင်ပါတယ်။ ဒါကြောင့်ပဲ အေဂျက်ဆီ ပြောင်းလာတာပါ။ အေဂျက်က ပြည်တွင်းလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အစဉ်အလာ ကြီးမားသလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တဲ့ အသင်းကောင်း တသင်းပါ။ ဒါကြောင့် အေဂျက်ဆီ ပြောင်းလာတာက ကျွန်တော့်ရဲ့ ကစားသမား ဘဝကို တဆင့် မြင့်သွားစေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version