ယမန်နေ့ညမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မော်ရင်ဟို ရဲ့ စပါးအသင်းဟာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့်၅နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ စပါးအသင်းအတွက် အဓိကကျခဲ့သူကတော့ ယခု ဇန်နဝါရီအပြောင်းအရွှေ့ ကာလမှာမှ ပီအက်စ်ဗွီအသင်းကနေ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဘာ့ချ်ဝင့်ပဲ ဖြစ်ပါတယ်။
Photo Credit: Football London.com
စပါးအသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၆၃မိနစ်မှာ လှပတဲ့ မြေမကျကန်ချက်နဲ့အတူ သွင်းယူပေးနိုင်ခဲ့တဲ့ ဘာ့ချ်ဝင့်ဟာ ဟယ်ရီကိန်း ရဲ့ ဒဏ်ရာပြဿနာကို ကုစားဖို့အတွက် စပါးအသင်းကို ရောက်ရှိလာသူဖြစ်ပြီး မနေ့ညက ပွဲမှာတော့ ဆွန်ဟောင်မင်နဲ့အတူ အသင်းရဲ့တိုက်စစ် ကို ဦးဆောင်ကစားခဲ့သူဖြစ်ကာ မော်ရင်ဟို စိတ်ကြိုက် ကစားပြသွားနိုင်ခဲ့ပါတယ်။
Photo Credit: Football London.com
စပါးအသင်းအတွက် အဖွင့်ပွဲမှာပဲ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့မှုအပေါ် ဘာ့ချ်ဝင့်က သူဟာ ငယ်စဉ်ကတည်းက ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဖို့ အိမ်မက်မက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါအိမ်မက်ဟာ ပြီးပြည့်စုံစွာ ဖြစ်ပေါ်ခဲ့ပြီလို့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: Football London.com
စပါးအသင်းအတွက် အဖွင့်ပွဲစဉ်မှာပဲ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ခံစားချက် အပေါ် ဘာ့ချ်ဝင့်က ” ဒါက မယုံကြည်နိုင်စရာ ကောင်းပါတယ်။ ဒါက ကျွန်တော့်အတွက် အိမ်မက်တစ်ခု ဖြစ်ခဲ့ပြီး အခုတော့ ဒါတွေက အမှန်တကယ် ပြည့်မြောက်လာခဲ့ပါပြီ။ ဒီနေရာမှာ စပါးအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် အမှန်ပဲ ပျော်ရွှင်ရပါတယ်။ ခင်ဗျားက ငယ်ငယ်လေးထဲက ပရီးမီးယားလိဂ်မှာ ကစားချင်တယ် ၊ ဂိုးသွင်းချင်တယ်ဆိုရင် ဒီအိမ်မက်တွေဖြစ်လာတဲ့အခါ ခံစားချက်တွေက မယုံကြည်နိုင်စရာ ဖြစ်နေမှာပါ ” လို့ ဖွင့်ဟခဲ့တာပါ။