ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာသုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဘာဘာတော့ဗ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ကလော့ပ်ကို ဆုံးရှုံးရတော့မယ့် လီဗာပူးဟာ သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အလွန်ဆိုကို မရရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် တူဟယ်လ်ကို ခေါ်ယူသင့်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူဟာ ရာသီကုန်ချိန်မှာ လီဗာပူးကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီးနောက် လီဗာပူးက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး လီဗာပူးရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်သလို လက်ရှိမှာ လေဗာကူဆင်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ ဇာဘီ အလွန်ဆိုပဲ ဖြစ်ပါတယ်။

Photo Credit: Caught Offside

လီဗာပူး ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ကစားသမား ဘဝမှာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ဖြစ်ခဲ့သလို နည်းပြဘဝကို ကူးပြောင်းချိန်မှာလည်း လေဗာကူဆင်နဲ့အတူ သူမတူတဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ပြီး သူ့ရဲ့ လေဗာကူဆင်က ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၃ပွဲဆက် ရှုံးပွဲ မကြုံသေးသလို ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လာမယ့်နွေမှာ နည်းပြချုပ်တွေနဲ့ အသီးသီး လမ်းခွဲတော့မယ့် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက ဇာဘီ အလွန်ဆိုကို အပြိုင်လုဖို့ ဆုံးဖြတ်ထားကြပြီး အလွန်ဆိုကတော့ သူ့ရဲ့အနာဂတ်ကို ရာသီကုန်မှသာ ဆုံးဖြတ်မယ်လို့ ပြောကြားထားပါတယ်။

လတ်တလောမှာ လီဗာပူးက ဇာဘီ အလွန်ဆိုကို မရခဲ့ရင် စပို့တင်းနည်းပြ အမိုရင်နဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ကို ပြောင်းလဲ ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဘာဘာတော့ဗ်ကတော့ လီဗာပူးဟာ အလွန်ဆိုကို မရခဲ့ရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် တူဟယ်လ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

Photo Credit: Sky Sports

ဘာဘာတော့ဗ်က – “လီဗာပူးရဲ့ နံပါတ်တစ်ပစ်မှတ်က ဇာဘီ အလွန်ဆို ဖြစ်မယ်လို့ ထင်ပါတယ်။ အလွန်ဆိုက လေဗာကူဆင် အတွက် ဘွန်ဒက်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့ရင် ဒါက အရမ်းကို ကြီးကျယ်တဲ့ အောင်မြင်မှု တခု ဖြစ်သွားပါလိမ့်မယ်။ အလွန်ဆိုက လေဗာကူဆင်နဲ့ လိဂ်ဖလား ရယူပြီးရင် သူ့ရဲ့ အနာဂတ် အတွက် နောက်ထပ်အဆင့် တဆင့်ဆီ ထပ်ပြီး တက်လှမ်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တချို့ကတော့ အလွန်ဆိုက အသင်းကြီး တသင်းကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူး ၊ လေဗာကူဆင်မှာ နောက်ထပ် ၁နှစ် ဆက်နေသင့်တယ် ၊ လေဗာကူဆင်နဲ့ ဥရောပအောင်မြင်မှု ရယူပြီး ကောက်ရိုးမီး မဟုတ်ကြောင်းကို သက်သေပြဖို့ လိုတယ် စသဖြင့် ပြောနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးဟာ အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ သူတို့က အလွန်ဆိုကို မရခဲ့ရင် ဈေးကွက်ထဲမှာ တူဟယ်လ်လို နည်းပြမျိုး ရှိနေပါသေးတယ်။ တကယ်လို့ လီဗာပူးကသာ အလွန်ဆိုကို မခေါ်နိုင်ခဲ့ရင် တူဟယ်လ်ဟာ သူတို့ရဲ့ နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ပါတယ်။ တချို့ကလပ်တွေက အောင်မြင်မှု ရယူနိုင်ဖို့ နာမည်ကြီးနည်းပြတွေကို ခေါ်ကြသလို တချို့ကလည်း နာမည်ကြီးနည်းပြတွေကို မခေါ်ချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ တူဟယ်လ်လို နည်းပြမျိုးကို ခေါ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် လီဗာပူးက အလွန်ဆို (ဒါမှမဟုတ်) တူဟယ်လ်ကို ခေါ်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။