ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ဘာဘာတော့ဗ် ကတော့ ယခုနောက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိ အချိန်အထိ အသင်းနဲ့ သဘောတူညီမှု မရသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာ ပေါ့ဘာရဲ့ အနာဂတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ပေါ့ဘာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာ ကျိန်းသေပေါက် ရောင်းချတော့မှာ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲဆက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ဆက်တိုက် ဆိုသလို ပါဝင် လာခဲ့ပါတယ်။

Photo Credit: Standard

ဘာဘာတော့ဗ် ကတော့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ ပေါ့ဘာရဲ့ ခြေစွမ်းကို သဘောကျနေပြီး သူဟာ ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်လက် မြင်တွေ့ချင်ကြောင်း ဆိုခဲ့ပါတယ်။ ဘာဘာတော့ဗ်က “သူ့အနေနဲ့ အခုလိုမျိုး အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားတာတွေ ၊ ဘောလုံးဖြတ်ယူတာတွေ ၊ ပွဲကို ဖတ်တာမျိုးတွေ လုပ်တာကို မမြင်ရတာ အတော်ကို ကြာသွားပါပြီ။ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ သူဟာ ကျွန်တော့်ရဲ့ အာရုံကို ထပ်ပြီး ဖမ်းစားနိုင်ခဲ့ပါတယ်။ သူက ကွင်းထဲမှာ အကောင်းမွန်ဆုံး ပုံစံကို ပြသခဲ့သလို ပွဲကို အကောင်းဆုံး ဖတ်ရှုပြီး ခံစစ် ကစားတာတွေ ၊ ဘောလုံးကို ကြားဖြတ် လုယူတာတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ဖို့ သူရခဲ့တဲ့ အခွင့်အရေးကလည်း သူ့အနေနဲ့ တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲကို ဝင်ရောက်ကာ ကစားခဲ့တာကြောင့်ပါ။ အခုချိန်မှာ အဲ့ဒါက ဂိုးအဖြစ် မပြောင်းလဲသွားပေမယ့် နောက်တစ်ကြိမ်မှာတော့ ပြောင်းလဲတော့မှာပါ။ ကျွန်တော်က သူ့ကို အသင်းမှာ ဆက်ပြီး ရှိနေစေချင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်ဟာ သူ့အကြောင်းကို ကောင်းကောင်းကြီး သိလို့ပါ” ဆိုပြီး ပြောကြား သွားပါတယ်။