ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို အခုချိန်မှာ ကြုံရင် ကြုံသလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို မရရအောင် ခေါ်သင့်ကြောင်းနဲ့ အကယ်၍ ဘယ်လင်ဟမ်ကို မရခဲ့ရင် ချယ်လ်ဆီးကြယ်ပွင့် မေဆန်မောင့်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် ၊ တော်မီနေးနဲ့ ဆာဘစ်ဇာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေဈေးကွက်မှာ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့က အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေတာကြောင့် ကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေတဲ့ အသင်းပါ။

Photo Credit: The Sun

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဒီကလန်ရိုက်စ် (ဝက်စ်ဟမ်း)နဲ့ ဘယ်လင်ဟမ် (ဒေါ့မွန်) တို့လို အင်္ဂလန် ကွင်းလယ်လူတွေကို ခေါ်ယူ အားဖြည့်ဖို့ မျက်စိကျနေပြီး မန်ချက်စတာ ယူနိုက်တက်က ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီး ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေသလို ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲလ်မက်ဒရစ် ၊ လီဗာပူး ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေနဲ့ အားပြိုင်ရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဘာဘာတော့ဗ်ကတော့ ဘယ်လင်ဟမ်ဟာ အရည်အသွေးမြင့် လူငယ် ကွင်းလယ်လူ ဖြစ်တာကြောင့် ယူနိုက်တက်ကသာ အခွင့်အရေး ရခဲ့ရင် ဘယ်လင်ဟမ်ကို ရအောင် ခေါ်သင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: The Sun

ဘာဘာတော့ဗ်က – “မန်ယူက ဘယ်လင်ဟမ်ကို ရအောင် ခေါ်သင့်ပါတယ်။ သူက ၁၉နှစ်သာ ရှိသေးတာကြောင့် နောက်ထပ် နှစ်တွေ အများကြီး ကစားနိုင်ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ အသင်းသစ်ဟာ မန်ချက်စတာ ယူနိုက်တက် ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဘယ်လင်ဟမ်က အရည်အသွေး ပြည့်ဝတဲ့ ကွင်းလယ်လူ တဦးပါ။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အခွင့်အရေး ရလာရင် သူ့ကို လက်မလွှတ်မိဖို့ အရေးကြီးပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ဆက်လက်ပြီး ဘာဘာတော့ဗ်က ယူနိုက်တက်ဟာ ဘယ်လင်ဟမ်ကို မခေါ်နိုင်ခဲ့ရင် ချယ်လ်ဆီးကြယ်ပွင့် မေဆန်မောင့်ကို ခေါ်ယူသင့်ကြောင်း အကြံပေးသွားပါသေးတယ်။ ဘာဘာတော့ဗ်က – “မေဆန်မောင့်ဟာ ပါရမီရှင် တဦးပါ။ ကျွန်တော်က လူငယ်တွေ သူတို့ရဲ့ လက်ရှိအသင်းကို စွန့်ခွာပြီး ပိုမို ကြီးမားတဲ့ အသင်းကြီးတွေဆီ ပြောင်းရွှေ့တာကို မြင်ရရင် သဘောကျတတ်တဲ့လူပါ။ မေဆန်မောင့်က လက်ရှိမှာလည်း အသင်းကြီး တသင်းမှာ ကစားခွင့် ရနေပါတယ်။ ဒါပေမယ့် တကယ်လို့ မန်ချက်စတာ ယူနိုက်တက်ကသာ ဘယ်လင်ဟမ်ကို လက်လွှတ်လိုက်ရရင် ဘာကြောင့် မေဆန်မောင့်ကို မခေါ်ရမှာလဲ။ မေဆန်မောင့်က ပါရမီရှင် တဦး ဖြစ်သလို အရည်အသွေးတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။