ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ လီဗာပူးနဲ့ နယူးကာဆယ် ပွဲစဉ်လို စိတ်ဝင်စားစရာပွဲ ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ တူတူ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Sporting News

လူတန်တောင်းနဲ့ ချယ်လ်ဆီး (စနေနေ့ည ၇နာရီ)

ချယ်လ်ဆီးက ပဲလေ့စ်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ တချို့အသင်းတွေက နောက်ကျ အနိုင်ဂိုးတွေ သွင်းပြီး ဒရာမာတွေ ခင်းရတာကို သဘောကျကြပါတယ်။ လူတန်တောင်းကလည်း နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ နောက်ကျ အနိုင်ဂိုးကြောင့် နိုင်ထားတဲ့ အသင်းပါ။ ဒါကြောင့် သူတို့ကလည်း အန္တရာယ်များတဲ့ အသင်းလို့ ပြောလို့ ရမယ် ထင်ပါတယ်။ လူတန်တောင်းက သူတို့နဲ့ ကစားရမယ့် ပြိုင်ဘက်ကို အခက်တွေ့အောင် လုပ်နိုင်တဲ့ အသင်းတွေထဲ ပါပါတယ်။ ချယ်လ်ဆီးက ပဲလေ့စ်ကို နိုင်ခဲ့ပေမယ့် သူတို့ရဲ့ ခြေစွမ်းပိုင်းက မတည်ငြိမ်သေးပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ အံ့ဩစရာ ရလဒ် တခု ထပ်ထွက်လာမယ်လို့ ထင်နေပါတယ်။ ကျွန်တော်က လူတန်တောင်းတို့ နိုင်ပွဲ ဆက်သွားမယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – လူတန်တောင်း ၂-၁ ချယ်လ်ဆီး

Photo Credit: 90 Min

နော်တင်ဟမ်နဲ့ မန်ယူ (စနေနေ့ည ၁၂နာရီ)

ခရစ္စဝုဒ်ရဲ့ ဟက်ထရစ်က အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့တာက အတော်လေး ကောင်းပါတယ်။ ပြိုင်ပွဲတွေ အများကြီးမှာ ပြိုင်ခဲ့ရတဲ့ အတွက် နယူးကာဆယ်က အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ဒါပေမယ့် နယူးကာဆယ်က အသင်းကြီး တသင်း အဖြစ် ရပ်တည်ချင်ရင် ဒီလို အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်နိုင်ဖို့ လိုပါမယ်။ နော်တင်ဟမ် ဖောရက်စ်က နယူးကာဆယ်ကို အနိုင်ယူနိုင်ခဲ့လို့ သူတို့တွေကို ချီးကျူးချင်ပါတယ်။ နော်တင်ဟမ် ဖောရက်စ်က မန်ချက်စတာ ယူနိုက်တက်ကိုလည်း အခက်တွေ့စေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ယူနိုက်တက် နိုင်ပွဲ ရမယ်လို့ ပြောချင်ပေမယ့် ဒီပွဲက သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားမယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – နော်တင်ဟမ် ဖောရက်စ် ၁-၁ မန်ယူ

Photo Credit: Sky Sports

ဖူလ်ဟမ်နဲ့ အာဆင်နယ် (တနင်္ဂနွေ ၈နာရီခွဲ)

ဖူလ်ဟမ်က အိမ်ကွင်းမှာ ကစားရရင် ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ သူတို့က ရှုံးပွဲတွေ ကြုံနေရပေမယ့် မာကို ဆေးလ်ဗားက သူ လိုချင်တဲ့ ကစားကွက် ၊ ကစားပုံ အတိုင်းပဲ ကစားလေ့ ရှိပါတယ်။ တဖက်မှာလည်း အာတီတာက မာကို ဆေးလ်ဗားနဲ့ စိတ်ဓာတ်ချင်း အတူတူပါပဲ။ သူကလည်း သူ့ရဲ့ ပုံမှန် ကစားကွက်အတိုင်းပဲ ကစားတတ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဘယ်နည်းပြက ဘယ်နည်းပြကို ကစားကွက်ပိုင်းမှာ အသာစီး ယူသွားမလဲ ဆိုတာ မြင်ရပါလိမ့်မယ်။ အာဆင်နယ်က ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် အမြင်အရ ကြည့်ရင် သူတို့က ဖူလ်ဟမ်ထက် သာနေပါလိမ့်မယ်။ သူတို့က အနိုင်ရဖို့ အတွက် ရေပန်းစားနေမှာလည်း သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်တို့ စိတ်ပျက်စရာညကို ကြုံရမယ်လို့ ခန့်မှန်းချင်ပါတယ်။ ဒီပွဲက သရေကျမယ့်ပွဲပါ။

ခန့်မှန်းရလဒ် – ဖူလ်ဟမ် ၁-၁ အာဆင်နယ်

Photo Credit: Sporting News

လီဗာပူးနဲ့ နယူးကာဆယ် (အင်္ဂါနေ့ မနက် ၂နာရီခွဲ)

ပွဲဆက်များမှုက နယူးကာဆယ်ကို ဒုက္ခပေးနေပါပြီ။ သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရသာကို သိသွားပါပြီ။ ဒါကြောင့် ပင်ပန်း နွမ်းနယ်နေတာတောင် သူတို့ရဲ့ စိတ်ဓာတ်ပိုင်းက အတက်ဘက်မှာ ရှိခဲ့ပါတယ်။ ပွဲကျပ်တွေ ဆက်တိုက် ကစားခဲ့ပြီးချိန်မှာ နယူးကာဆယ်က နော်တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လူတိုင်းက သူတို့တွေ အနိုင်ရလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့တွေက နိုင်ပွဲ မရခဲ့ပါဘူး။

အခုတော့ သူတို့က လီဗာပူးနဲ့ ပွဲကျပ် တပွဲ ထပ်ကစားရပါတော့မယ်။ ကလော့ပ်ရဲ့ အသင်းက ခြေစွမ်းကောင်းနေသလို နောက်ဆုံးပွဲမှာလည်း ဘန်လေကို အဝေးကွင်းမှာ အနိုင်ရထားပါတယ်။ လီဗာပူးက လိဂ်ချန်ပီယံဆုကို နောက်ထပ်တကြိမ် ရယူချင်နေပါတယ်။ ဆာလာ ဦးဆောင်နေတဲ့ တိုက်စစ်နဲ့ဆိုရင် လီဗာပူးက ဒီပွဲမှာလည်း နိုင်ပွဲ ဆက်သွားလိမ့်မယ်လို့ ထင်နေပါတယ်။

လီဗာပူးက နယူးကာဆယ်ရဲ့ အာရုံစူးစိုက်မှု လျော့ကျနေတာကို အခွင့်ကောင်း ယူလို့ ရပါတယ်။ လီဗာပူးက နယူးကာဆယ်ရဲ့ ကစားသမားတွေ အမှားလုပ်မိအောင် အတင်း ဖိအားပေး ကစားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က လီဗာပူး အနိုင်နဲ့ပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၀ နယူးကာဆယ်

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဗီလာ ၃-၁ ဘန်လေ

ပဲလေ့စ် ၂-၁ ဘရန့်ဖို့ဒ်

မန်စီးတီး ၃-၀ ရှက်ဖီးလ်

ဝုလ်ဗ် ၁-၁ အဲဗာတန်

စပါး ၂-၁ ဘုန်းမောက်

ဝက်စ်ဟမ်း ၂-၂ ဘရိုက်တန်