ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်နဲ့အတူ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ကန့်လန့်ကာ ဖွင့်လိုက်ပြီပဲ ဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရတတ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း အဖွင့်ပွဲမှာ နာမည်ကြီး အာဆင်နယ်အသင်းဟာ ရှုံးပွဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။

ယနေ့ညမှာလည်း ပရီးမီးယားလိဂ်ပွဲ ၇ပွဲ အထိ ယှဉ်ပြိုင် ကစားဖို့ ရှိနေကာ မန်ချက်စတာ ယူနိုက်တက် ၊ စပါးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit: Metro

မန်ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက် (ည ၆နာရီ)

မန်ချက်စတာ ယူနိုက်တက်အသင်းက အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ခြေစမ်းပွဲမှာ ကြီးမားတဲ့ ရလဒ်ကောင်း တခုကို အရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့အသင်းရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော် ပြသနိုင်ခဲ့ပါတယ်။ သူတို့တွေ ရာသီသစ်ကို အဖွင့်လှလှနဲ့ စတင်နိုင်ဖို့ ကျွန်တော် မျှော်လင့်ထားသလို ဒီရာသီမှာ သူတို့က ကောင်းမွန်တဲ့ ချန်ပီယံလုဘက်အသင်းလည်း ဖြစ်ပါတယ်။
ခန့်မှန်းရလဒ် – မန်ယူနိုက်တက် ၃-၁ လိဒ်ယူနိုက်တက်

Photo Credit: Metro

ချယ်လ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ် (ည ၈နာရီခွဲ)

လူကာကူက ချယ်လ်ဆီးအသင်းဆီ ပြန်ရောက်လာပါပြီ။ ဒါက သူ့အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ တခုပါ။ ချယ်လ်ဆီးအသင်းနဲ့ အတူ သူ့မှာ သက်သေပြစရာတွေ ကျန်ပါသေးတယ်။ ဒီပွဲမှာ သူ မကစားနိုင်ပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်း တသင်းလုံးကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ တူချယ်က ဘယ်သူမှ မမျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ ဒီရာသီမှာတော့ သူတို့က အမှတ်ပေး ချန်ပီယံဆုကို ဆာလောင်နေပါပြီ။ ကျွန်တော့်အထင် သူတို့က ချန်ပီယံအသင်းတောင် ဖြစ်နိုင်ပါတယ်။
ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၀ ခရစ္စတယ်ပဲလေ့စ်

Photo Credit: Metro

နောဝှစ်ချ်နဲ့ လီဗာပူး (ည ၁၁နာရီ)

လီဗာပူးအသင်းက ဒီရာသီကို ကြီးမားတဲ့ နိုင်ပွဲတပွဲနဲ့ စတင်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့က မန်ချက်စတာ ယူနိုက်တက်အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ အကြိမ် ၂၀မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိအောင် ဦးတည် ကြိုးစားနိုင်ပါတယ်။ ဗန်ဒိုက် တယောက် ပြန်လာပါပြီ။ သူက ပြီးခဲ့တဲ့ ရာသီမှာ ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ သူတို့ဟာ တန်းတက်လာတဲ့ နောဝှစ်ချ်အသင်းနဲ့ ပွဲကို အတောင့်တင်းဆုံး ပုံစံနဲ့ စတင်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – နောဝှစ်ချ် ၀-၃ လီဗာပူး

Photo Credit: Metro

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ
လက်စတာ ၁-၀ ဝုဗ်
ဝက်ဖို့ဒ် ၁-၂ ဗီလာ
အဲဗာတန် ၁-၀ ဆောက်သမ်တန်
ဘန်လေ ၁-၁ ဘရိုက်တန်