ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘူဂေးလ်ရီးယား တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လတ်တလော ခြေတက်နေတဲ့ နယူးကာဆယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ လီဗာပူးကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးနဲ့ အပြိုင် ဖြစ်နေတဲ့ လီဗာပူးဟာ ယခုတပတ်မှာတော့ လတ်တလော ခြေတက်နေတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဆော်ဒီတော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရပြီးနောက် ဇန်နဝါရီလ အပြောင်းအရွှေ့ ရာသီမှာ သင့်တော်တဲ့ လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ နည်းပြဖြစ်သူ အက်ဒီဟောင်းရဲ့ ဦးဆောင်မှုနဲ့အတူ ခြေတက်နေတဲ့ အသင်းတသင်း ဖြစ်ပြီး နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၆ပွဲမှာ ၁၀ပွဲ အထိ အနိုင်ရထားကာ ၃ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်ပဲ ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ လီဗာပူးဟာ ယခုတပတ်မှာ ခက်ခဲ ကြမ်းတမ်းတဲ့ ပွဲစဉ်တပွဲကို ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဘာဘာတော့ဗ် ကတော့ နယူးကာဆယ်ဟာ လီဗာပူးရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်နိုင်တဲ့ ခြေစွမ်းကောင်းကို ပိုင်ဆိုင်ထားကြောင်း သုံးသပ်ထားပါတယ်။

Photo Credit: Metro

ဘာဘာတော့ဗ်က – “နယူးကာဆယ်က လက်ရှိမှာ အတော်လေးကို ခြေစွမ်းကောင်းနေတဲ့ အသင်းပါ။ သူတို့မှာ ကြီးမားတဲ့ ပရိသတ်အင်အား ရှိသလို နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားတိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့ရတတ်ပါတယ။ တကယ်လို့ သူတို့ကသာ ခြေစွမ်းကောင်း တရပ်ကို ရသွားရင် ဘယ်လိုအသင်းမျိုးကိုမဆို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ငှက်ကျားတွေက လီဗာပူးကို ပြဿနာတက်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်နေပါတယ်။ လီဗာပူးက အခုချိန်မှာ မဖြစ်မနေ နိုင်ပွဲတွေ ရယူဖို့ လိုအပ်နေပေမယ့် စိန့်ဂျိမ်းပါတ်က သူတို့အတွက် လွယ်ကူတဲ့ ခရီးစဉ် တခုတော့ မဖြစ်နိုင်ပါဘူး” လို့ သုံးသပ်သွားရင်း နယူးကာဆယ်နဲ့ လီဗာပူး ပွဲစဉ်ဟာ တဖက် နှစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်သွားလိမ့်မယ်လို့ ခန့်မှန်းထားတာပဲ ဖြစ်ပါတယ်။