လေဗာကူဆင်အသင်း ၊ စပါးအသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဘူလ်ဂေးရီးယား တိုက်စစ်မှူးကြီး ဘာဘာတော့ဗ်ဟာ လက်ရှိ အချိန်မှာတော့ ဘောလုံးပွဲစဉ်တွေကို ထုတ်လွှင့် ပေးတဲ့ ရုပ်သံလွှင့်ဌာနတွေမှာ မကြာခဏဆိုသလို ဘောလုံးရေးရာ သုံးသပ်သူ တစ်ဦးအဖြစ် ပါဝင် လုပ်ကိုင်ဖူးသူ တစ်ဦးပါ။ ဘာဘာတော့ဗ် ဟာ ကစားသမားဘဝမှာ ထိပ်တန်း ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသလို ဘောလုံး သုံးသပ်သူ တစ်ဦးအဖြစ် လုပ်ဆောင်စဉ်မှာလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှု ကို ခံနေရသူ တစ်ဦးပါ။ လက်ရှိမှာတော့ ဘာဘာတော့ဗ်ဟာ အင်တာဗျူးတစ်ခုမှာ ပါဝင်နေရင်း ဘောလုံးလောကရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်တဲ့ သူတွေလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ခြေရာကို ဘယ်လို ကစားသမားတွေက လိုက်မှီ နိုင်မလဲဆိုတဲ့ အချက်ကို ပြောပြသွားခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုတို့ဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ဆယ်နှစ် ကြာအောင် အလှည့်ကျ ဆွတ်ခူးနိုင်ခဲ့သူများ ဖြစ်ပြီး နှစ်ဦးပေါင်း ရွှေဘောလုံးဆု ၁၁ဆုအထိ ရယူထားနိုင်ကြပါတယ်။ ဒါ့ကြောင့်လည်း မက်ဆီနဲ့ ရိုနယ်ဒိုတို့ အနားယူသွားတဲ့အခါမှာ သူတို့နှစ်ဦးရဲ့ ခြေစွမ်းပိုင်းကို ဘယ်ကစားသမား မှ လိုက်မှီနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားသူ တွေ ရှိသလို သူတို့နှစ်ဦးရဲ့ အဆင့်အတန်းမျိုးကို ဘယ်လို ကစားသမားမှ ရောက်ရှိမှာ မဟုတ်ဘူး လို့လည်း ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဘာဘာတော့ဗ်ကတော့ အဆိုပါ သုံးသပ်ချက် ကို လက်မခံခဲ့ပဲ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ နေမာ ၊ အမ်ဘာပေနဲ့ မန်ယူအသင်းရဲ့ လူငယ် ကစားသမား ဂရင်းဝုဒ် တို့ဟာ မက်ဆီနဲ့ ရိုနယ်ဒိုရဲ့ အဆင့်အတန်းကို လိုက်မှီနိုင်တယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီနဲ့ ရိုနယ်ဒိုရဲ့ အဆင့်အတန်းကို ဘယ် ကစားသမားတွေ လိုက်မှီနိုင်မလဲဆိုတဲ့ မေးခွန်း ကို ဘာဘာတော့ဗ်က ” လာမယ့် သောကြာနေ့ ဆိုရင် ကျွန်တော့် အသင်းဖော်ဟောင်း ရိုနယ်ဒို တစ်ယောက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတာ ၂နှစ်ပြည့်ပါပြီ။ ရိုနယ်ဒိုဟာ အီတလီ မှာ ခြေစွမ်းမပြနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရပါဘူး။ သူဟာ အသက်၃၅နှစ်အရွယ်နဲ့ အီတလီ မှာ ခြေစွမ်းပြ ဂိုးသွင်းနေတဲ့သူပါ။ အသက်၃၅ နှစ် အရွယ် ရောက်ရင် ကစားသမားတွေဟာ အဆင့်တစ်ဆင့် နိမ့်သွားတတ်ပါတယ်။ ရိုနယ်ဒို ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ တကယ့်ကို မယုံနိုင်စရာပါပဲ။ သူဟာ သူ့ကိုယ်သူ အရမ်း ဂရုစိုက် ပြီးတော့ ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခု ရရှိဖို့ အမြဲတမ်း ကြိုးစားနေတဲ့သူပါ။ ရိုနယ်ဒိုနဲ့ မက်ဆီတို့ကို ကျွန်တော်တို့တွေ တန်ဖိုးထား ရမယ့် အချိန်ကို ရောက်လာပါပြီ။ ရိုနယ်ဒိုသာ ဘောလုံးကစားတာကို ရပ်လိုက်တဲ့နေ့ရက်ဟာ တကယ့်ကို ဝမ်းနည်းဖို့ ကောင်းတဲ့ နေ့ရက် တစ်ခု ဖြစ်လာမှာပါ။ အဲ့ဒီနေ့ရက်ဟာ ရောက် ကို ရောက်လာမှာ ဖြစ်ပေမယ့် နည်းနည်းတော့ ကြာဦးမယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူ အနားယူသွားရင် အခြားကစားသမားတွေက ပေါ်လာမှာပါပဲ။ ကျွန်တော်တို့မှာ နေမာ ၊ အမ်ဘာပေနဲ့ ဂရင်းဝုဒ်တို့ ရှိပါတယ်။ ပြီးတော့ မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့ အဆင့်အတန်းကို မှီနိုင် တဲ့ အခြားလူငယ် ကစားသမားတွေလည်း ရှိပါသေးတယ် ” လို့ ဖြေဆိုသွားခဲ့တာပါ။