ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာ စီးတီးနဲ့ စပါးတို့က ပြိုင်ဘက်တွေကို သက်တောင့်သက်သာ အနိုင်ရကာ လိုချင်တဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်သွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပြီးဆုံးဖို့ ပွဲစဉ် ၁ပွဲသာ ကစားဖို့ ကျန်ရှိတော့ပေမယ့် လိဂ်ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ၊ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာကို ဘယ်အသင်းက ရသွားမလဲ ၊ ယူရိုပါလိဂ်ဝင်ခွင့်ကို ဘယ်အသင်းက ရသွားမလဲ ၊ ဘယ်အသင်းက တန်းဆင်းရမလဲ စတဲ့ မေးခွန်းတွေ အတွက် အဖြေမထွက်သေးပဲ ပွဲစဉ်အတော်များများကို ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်ရဖို့ ရှိနေပါတယ်။

Photo Credit: Metro

ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲမှာ မန်ချက်စတာ စီးတီးနဲ့ ဗီလာ ၊ လီဗာပူးနဲ့ ဝုဗ် စတဲ့ ပွဲစဉ်နှစ်ပွဲက ဘယ်အသင်းဟာ ချန်ပီယံ ဖြစ်မလဲ ဆိုတာကို အဖြေထုတ်ပေးမယ့် ပွဲစဉ်တွေ ဖြစ်ကြပြီး အာဆင်နယ်နဲ့ အဲဗာတန် ၊ နောဝှစ်ချ်နဲ့ စပါး စတဲ့ ပွဲစဉ်နှစ်ပွဲကတော့ ဘယ်အသင်းဟာ လက်ကျန် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာကို သိမ်းပိုက်သွားနိုင်မလဲ ဆိုတာကို အဖြေထုတ်ပေးသွားမှာပါ။

စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးဟောင်း ဒီမီထရီ ဘာဘာတော့ဗ် ကတော့ ယနေ့ညမှာ ကစားမယ့် ပွဲစဉ်တွေမှာ မန်ချက်စတာ စီးတီးနဲ့ စပါးတို့က ပြိုင်ဘက်တွေကို သက်တောင့်သက်သာ အနိုင်ရဖို့ ရှိနေသလို မန်ချက်စတာ စီးတီးနဲ့ စပါးတို့ဟာ လိုချင်နေတဲ့ အောင်မြင်မှုတွေကို ရသွားလိမ့်မယ်လို့လည်း ဆိုသွားပါတယ်။

Photo Credit: Metro

မန်ချက်စတာ စီးတီးနဲ့ ဗီလာတို့ရဲ့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး ဘာဘာတော့ဗ်က – “တကယ်လို့ ဂျာရတ်ရဲ့ ဗီလာကသာ မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်ခဲ့မယ် ဆိုရင် ဂျာရတ်က လီဗာပူးအတွက် ပရီးမီးယားလိဂ် ဆုဖလား တလုံး ရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တရပ်ကို ရသွားပါလိမ့်မယ်။ မန်ချက်စတာ စီးတီးကတော့ ချန်ပီယံလုပွဲကို ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာထဲက အပြီးသတ်နိုင်ခဲ့သင့်ပေမယ့် သူတို့က သရေကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ မန်ချက်စတာ စီးတီးက ထပ်ပြီး ခြေချော်လိမ့်မယ် မထင်ပါဘူး။ ဒီပွဲမှာ သူတို့က မဖြစ်မနေ အနိုင်ကစားဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ဗီလာကလည်း သူတို့ကို ရသလောက် ဖိအားပြန်ပေးပါလိမ့်မယ်” လို့ သုံးသပ်ရင်း မန်ချက်စတာ စီးတီးက ဗီလာကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Metro

ဆက်လက်ပြီး ဘာဘာတော့ဗ်က – “ကဲ စပါးရေ လုပ်လိုက်စမ်းပါ။ တကယ်လို့ သူတို့ကသာ ဒီပွဲကို နိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရသွားမှာ ဖြစ်သလို ကောင်းမွန်တဲ့ ဘောလုံးရာသီ တခုကိုလည်း ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်က ဆွန်ဟောင်မင်ကို စပါးဆီ ပြောင်းရွှေ့စေချင်ခဲ့သလို ဒီရာသီရဲ့ ဂိုးသွင်းဘုရင်ဆုကို ဆွန်ဟောင်မင် တယောက် ရပါစေလို့လည်း ဆုတောင်းပေးချင်ပါတယ်။ သူက တဂိုး သွင်းနိုင်ရင် ဆာလာကို အမှီလိုက်နိုင်ဖို့ ရှိသလို နှစ်ဂိုးသွင်းနိုင်ရင်တော့ ဆာလာကို ကျော်တက်သွားမှာပါ။ သူက သွင်းဂိုး ၂ဂိုး သွင်းယူပြီး စပါးကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ နောဝှစ်ချ်နဲ့ စပါးပွဲကို သုံးသပ်ရင်း စပါးက အဝေးကွင်းမှာ နောဝှစ်ချ်ကို သုံးဂိုးပြတ် နိုင်သွားလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။