ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းကျဆင်းနေတဲ့ အဓိက နောက်ခံလူ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး မက်ဂွိုင်းယားဟာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်လာသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အသင်းခေါင်းဆောင် အဖြစ် စတင် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Star

မက်ဂွိုင်းယားဟာ ပင်ကိုယ် ခြေစွမ်း ကောင်းမွန်သလို အသင်းကိုလည်း ဦးဆောင်နိုင်စွမ်း ရှိတာကြောင့် နောက်ခံလူကောင်း တဦး အဖြစ် သတ်မှတ်လို့ရပေမယ့် ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ ဆုဖလား မရခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် ယခုနှစ် ဘောလုံးရာသီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တချို့ ခံစားနေရကာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေနဲ့ ကစားသမား တချို့ကပါ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် အဖြစ် ဆက်လက် မထားသင့်တော့ကြောင်း ယူဆမှုတွေ ရှိနေကြပြီး ဘာဘာတော့ဗ် ကတော့ ခြေစွမ်းကျဆင်းနေတဲ့ အချိန်မှာ အသင်းခေါင်းဆောင် ရာထူးက မက်ဂွိုင်းယား အတွက် ဖိအားတခုလို ဖြစ်နေပြီး အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားလိုက်ရင် မက်ဂွိုင်းယားရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်း မြင်တွေ့ရနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Daily Star

ဘာဘာတော့ဗ်က – “မက်ဂွိုင်းယားရဲ့ ပြဿနာက သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို အသုံးမချပဲ အသင်းကို ဦးဆောင်ဖို့ အာရုံစိုက်နေရတဲ့ အချက်လို့ မြင်ပါတယ်။ ဒါကြောင့် ရန်းဂ်နစ်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် နေရာကနေ ခဏလောက် အနားပေးပြီး တခြားတယောက်ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ပါတယ်။ ဒါမှပဲ မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေကို အရင်လို ပြန်မြင်ရလာပါလိမ့်မယ်” လို့ အကြံပေးစကား ပြောကြားသွားခဲ့တာပါ။