ပရီးမီးယားလိဂ် နာမည်ကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ် ကတော့ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)မှာ သူ့ရဲ့ အသင်းဟောင်း စပါးက ချန်ပီယံဆု အတွက် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ လီဗာပူးကို အဝေးကွင်းမှာ ဒုက္ခပေးပြီး မန်ချက်စတာ စီးတီးကို ကူညီသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ဆုဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးတို့ဟာ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့ အသင်းနှစ်သင်း ဖြစ်ကြပြီး နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိတာကြောင့် အမှားလုပ်မိတဲ့ အသင်းက ချန်ပီယံဆုကို လက်လွှတ်ရဖို့ ရှိနေပါတယ်။

Photo Credit: Mirror

အထူးသဖြင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ လီဗာပူးက ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို အမှီလိုက်နိုင်ဖို့ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရအောင် ကြိုးပမ်းရန် လိုအပ်နေပြီး ယခုတပတ်မှာတော့ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ စပါးနဲ့ ပွဲကျပ် တပွဲကို ကန်ရဖို့ ရှိနေပါတယ်။

ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကြိုးပမ်းနေကြတဲ့ စပါးတို့ဟာ ယခုတပတ်မှာ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မှာ အိမ်ရှင် လီဗာပူးကပဲ အသာစီး ရသွားလိမ့်မယ်လို့ သုံးသပ်သူတွေ ရှိနေပေမယ့် စပါးရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သူ့ရဲ့ အသင်းဟောင်းဟာ အဝေးကွင်းမှာ လီဗာပူးကို သရေရအောင် ကစားကာ လီဗာပူးကို ဒုက္ခပေးသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Mirror

ဘာဘာတော့ဗ်က – “ဒီနှစ်မှာ မန်ချက်စတာ စီးတီးကို ကူညီနိုင်မယ့် အသင်းက စပါးပါပဲ။ ကွန်တီရဲ့ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လုံးပန်းနေတာကြောင့် သူတို့က အမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။ လီဗာပူးက ဗိုလ်လုပွဲ နှစ်ခုဆီ တက်ရောက်ထားနိုင်တာကြောင့် သူတို့ရဲ့ စိတ်ထဲမှာ အဲ့ဒီ ဗိုလ်လုပွဲ နှစ်ခုအကြောင်းကို တွေးမိနေပါလိမ့်မယ်။ သူတို့အတွက် အဲ့ဒီ ဗိုလ်လုပွဲတွေကလည်း ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ စပါးက သူတို့ကို စိတ်ပျက်အောင် လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်” လို့ သုံးသပ်စကား ပြောကြားရင်း လီဗာပူးနဲ့ စပါးတို့ဟာ တဖက် နှစ်ဂိုးစီနဲ့ သရေကျလိမ့်မယ် လို့ ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။