ယနေ့ည ၉နာရီခွဲမှာတော့ ကျွန်တော်တို့တွေ အားလု​ံး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြရတဲ့ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားသွားကြတော့မှာပါ။ ယနေ့ညမှာ ကစားရမယ့် ပွဲစဉ် ၁၀ပွဲ စလုံးကို တစ်ပြိုင်နက်ထဲ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ် ၁၀ပွဲမှာ ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားထားနိုင်တဲ့ ပွဲ ၂ပွဲ ရှိနေပါတယ်။ အဆိုပါပွဲစဉ်တွေကတော့ လက်စတာအသင်းနဲ့ မန်ယူအသင်း ၊ ချယ်လ်ဆီး အသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်တွေ ဖြစ်ပြီး အဆိုပါနှစ်ပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာစာနဲ့ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာစာတို့ကို အဆုံးအဖြတ်ပေးသွားမယ့် ပွဲစဉ်တွေပါပဲ။ ဒါ့ကြောင့် အဆိုပါ ပွဲစဉ်တွေနဲ့ ပတ်သတ်ပြီး ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ နာမည်ကြီး ကစားသမားဟောင်း ဘာဘာတော့ဗ်ရဲ့ ခန့်မှန်း သုံးသပ်မှုတွေကို တင်ဆက်ပေးချင်ပါတယ်။

Photo Credit: Express

လက်စတာနဲ့မန်ယူ (ည ၉နာရီ ၃၀မိနစ်)
ဒီပွဲဟာ ပွဲကြီးပွဲကောင်း တစ်ပွဲပါပဲ။ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲတစ်ခုပေါ့။ ဒီပွဲကို အနိုင်ရရှိဖို့အတွက် ကစားသမားတွေဟာ သူတို့ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပါးစပ်ကနေ ပြောရတာက လက်တွေ့ လုပ်ဆောင်တာထက် ပိုလွယ်ပါတယ်။ ခင်ဗျားဟာ စိတ်ဓာတ်တက်ကြွအောင် အော်ရမယ်။ ခင်ဗျားရဲ့ အသင်းဖော်တွေ တက်ကြွလာအောင် အဝတ်လဲခန်းထဲမှာ စကား ပြောရမယ်။ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရမ်းကို အရေးပါတဲ့ပွဲတစ်ပွဲပါ။ ဒါ့ကြောင့် ယုံကြည်မှုက အရေးကြီးပါတယ်။ ဒီပွဲကို အနိုင်ရဖို့ မန်ယူအသင်းရဲ့ ကစားသမားတွေဟာ ပွဲအပေါ် အာရုံစိုက်ဖို့ပဲ လိုအပ်ပါတယ်။ ဒီပွဲဟာ ခန့်မှန်းရ ခက်ခဲတဲ့ပွဲ တစ်ပွဲပါ​။ ဒါပေမယ့် မန်ယူအသင်း ဟာ လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။
ခန့်မှန်းရလဒ်- လက်စတာ ၁-၂ မန်ယူ

Photo Credit: Express

ချယ်လ်ဆီးနဲ့ဝုဗ် ( ည ၉နာရီ ၃၀မိနစ်)
ဒါဟာ ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ပွဲတစ်ပွဲပါ။ သူတို့တွေ ခြေချော်လို့ မရပါဘူး။ ပြီးတော့ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဗုဒ္ဓဟူးနေ့ညတုန်းက ရှုံးနိမ့်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ ယုံကြည်မှုရှိတုန်းပဲလို့ ကျွန်တော် ထင်ပါတယ်။ ဝုဗ်ကလည်း ဒီရာသီ ကို အကောင်းဆုံး အဆုံးသတ်ဖို့ ကြိုးစားလာမှာ ဖြစ်ပြီး တကယ်လို့ အဆင့်၅နေရာနဲ့သာ အဆုံးသတ်နိုင်ခဲ့ရင် သူတို့အသင်းအတွက် အရမ်းကို ကျေနပ်စရာ ကောင်းမှာပါ။ ဒီပွဲဟာ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၃-၃ ဝုဗ်