ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ ချယ်လ်ဆီးနဲ့ ဘရိုက်တန် ၊ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးနဲ့ စပါး စတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လိုခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကဲ စလိုက်ကြရအောင်ဗျာ…။

Photo Credit: Arsenal

အာဆင်နယ်နဲ့ ဝုလ်ဗ် (စနေနေ့ည ၉နာရီခွဲ)

အာဆင်နယ်က ပြီးခဲ့တဲ့အပတ်မှာ ဘရန့်ဖို့ဒ်ကို နောက်ကျဂိုးနဲ့ အနိုင်ယူထားပါတယ်။ ခင်ဗျားက ချန်ပီယံ ဖြစ်ချင်တဲ့ အသင်းမျိုး ဆိုရင် အဲ့ဒီလို နောက်ကျဂိုးတွေနဲ့ နိုင်ပွဲတွေ ရအောင် ယူနိုင်ရပါမယ်။ ဒီပွဲမှာ အာဆင်နယ်က အလွယ်တကူ အနိုင်ရသွားမယ်လို့ပဲ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၀ ဝုလ်ဗ်

Photo Credit: Sky Sports

နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် (တနင်္ဂနွေမနက် ၂နာရီခွဲ)

ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခဲ့တဲ့နေ့တွေကို တွက်ကြည့်လိုက်မယ်ဆိုရင် နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်ထက် နားရက် ၁ရက် ပိုရထားပါတယ်။ တခါတလေ ဒီလိုမျိုး အရာလေးတွေက ပွဲရဲ့ အဖြေကို ပြောင်းလဲပေးတတ်ပါတယ်။ နယူးကာဆယ်က ချယ်လ်ဆီးနဲ့ ပွဲမှာ ကောင်းမွန်တဲ့ နိုင်ပွဲ ၁ပွဲ ရယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ပွဲမှာတော့ ကံမကောင်းခဲ့ရှာပါဘူး။ ဒီပွဲကတော့ အသင်းကောင်း နှစ်သင်း ကစားမယ့်ပွဲ ဖြစ်လို့ ပွဲကောင်း ၁ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲကို သရေပွဲလို့ပဲ မှန်းချင်ပါတယ်။ နယူးကာဆယ်က ချယ်လ်ဆီးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာမို့လို့ သူတို့မှာ ဂိုးသွင်းနိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲက ဂိုးများပါလိမ့်မယ်။

ခန့်မှန်းရလဒ် – နယူးကာဆယ် ၂-၂ မန်ချက်စတာ ယူနိုက်တက်

Photo Credit: Bet Central

ချယ်လ်ဆီးနဲ့ ဘရိုက်တန် (တနင်္ဂနွေည ၈နာရီခွဲ)

ကျွန်တော်က ချယ်လ်ဆီးအကြောင်းကို ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ သူတို့က အိပ်ပျော်နေတယ်။ ပြီးတော့ ချက်ချင်းပဲ ထလာပြီး အသင်းကြီး တသင်းလို ကန်ပြတယ်။ ပြီးတော့ ပြန်အိပ်ပျော်သွားပြန်တယ်။ ချယ်လ်ဆီးရဲ့ ကစားသမားတွေက သူတို့တွေ ဘယ်လိုရာသီမျိုး ရချင်တယ် ဆိုတာ အခုထိ မသိသေးပုံပါပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်က သူတို့တွေ လိုချင်တဲ့ ပန်းတိုင်တွေကို ရလောက်တဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။

တဖက်မှာတော့ ဘရိုက်တန်က အမှတ်ပေးဇယားမှာ ကျေနပ်လောက်စရာ ရပ်တည်မှုကို ရထားပါတယ်။ ဒါပေမယ့် သူတို့သာ ဒီထက်ပိုပြီး ဖိဖိစီးစီး ကစားမယ် ဆိုရင် အမှတ်တွေ ပိုရနိုင်ချေ ရှိပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ သရေရလဒ်ပဲ ထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၂ ဘရိုက်တန်

Photo Credit: The Sun

မန်ချက်စတာ စီးတီးနဲ့ စပါး (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဘောလုံးလောကက ဘယ်လောက်တောင် အပြောင်းအလဲ မြန်သလဲ ဆိုတာ ခင်ဗျားတို့တွေ တွေ့လိုက်ရပါပြီ။ စပါးက ရာသီအစမှာ တောက်လျှောက် နိုင်ပွဲတွေ ရပြီး အဆင့်(၁)နေရာမှာလည်း ရှိနေခဲ့ပေမယ့် ရှုံးပွဲ ၁ပွဲက အရာအားလုံးကို ပြောင်းပြန် လှန်ပစ်လိုက်ပါတယ်။ ပြီးတော့ စပါးရဲ့ ကစားသမားတွေက ၁ယောက်ပြီး ၁ယောက် တောက်လျှောက် ဒဏ်ရာရနေပါတယ်။ စီးတီးက စပါးရဲ့ ဒဏ်ရာရ ကစားသမား များနေတာကို အခွင့်ကောင်း ယူပြီး အနိုင်ရလဒ်ကို ယူသွားပါလိမ့်မယ်။ အခုချိန်မှာ စီးတီးက ဘယ်လိုပြဿနာမျိုးကိုမှ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ တကယ်လို့ ဒဏ်ရာရ ကစားသမား ရှိနေရင်တောင် စီးတီးမှာ ဒဏ်ရာရသွားတဲ့ ကစားသမားရဲ့ နေရာကို အစားဝင်နိုင်တဲ့ အရန် ကစားသမားတွေ ရှိနေပါတယ်။

ရော်ဘီ ဝီလီယံက စပါးရဲ့ နိုင်ပွဲတွေ အတွက် သီချင်းလုပ်ဆိုလိုက်မှ စပါးက တောက်လျှောက် ရလဒ်တွေ ဆိုးသွားပါတယ်။ ရော်ဘီရေ ခင်ဗျားတော့ သီချင်း နောက်တပုဒ် ထပ်လုပ်မှ ဖြစ်မယ်။ ဒါမှပဲ စပါးက အရင်လို ရလဒ်တွေ ပြန်ကောင်းလာမှာလေ။ (ရယ်လျက်) ကျွန်တော်က စနေတာပါ။ ကျွန်တော်က အဲ့ဒီလို ရှေးရိုးဆန်တာတွေကို မယုံကြည်ပါဘူး။ ကျွန်တော် ယုံကြည်တာက စပါးလို အခက်အခဲမျိုးတွေနဲ့ ကြုံနေရတဲ့ အချိန်မှာ အလုပ်ကို ပိုပြီး ကြိုးကြိုးစားစား လုပ်ရမယ် ဆိုတာပါပဲ။ မန်ချက်စတာ စီးတီးက ဒီပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ကြိုးစားမှုနဲ့ဆိုရင် စီးတီးဆီ ကနေ အမှတ်ခွဲဝေယူလို့ ရပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၃-၂ စပါး

Photo Credit: Mirror

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘရန့်ဖို့ဒ် ၂-၁ လူတန်တောင်း

ဘန်လေ ၂-၁ ရှက်ဖီးလ် ယူနိုက်တက်

နော်တင်ဟမ် ဖောရက်စ် ၀-၁ အဲဗာတန်

ဘုန်းမောက် ၁-၂ ဗီလာ

လီဗာပူး ၃-၁ ဖူလ်ဟမ်

ဝက်စ်ဟမ်း ၂-၀ ခရစ္စတယ် ပဲလေ့စ်