အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်လို ပွဲကြီးပွဲကောင်း ရှိသလို ဘရိုက်တန်နဲ့ နယူးကာဆယ်လို စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတွေလည်း ကျန်နေသေးတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ တူတူ ဖတ်ရှုကြည့်ရအောင်ဗျာ။

Photo Credit: Goal

ဘရိုက်တန်နဲ့ နယူးကာဆယ် (စနေနေ့ည ၁၁နာရီ)

ပြီးခဲ့တဲ့တပတ်မှာ ကျွန်တော်က ဘရိုက်တန်ရဲ့ ခြေစွမ်းကြောင့် အတော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဘာတွေ ဖြစ်ပျက်သွားတာလဲ။ သူတို့က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့သလို ဂိုးကန်သွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ရှုံးခဲ့ပါတယ်။ ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။ နယူးကာဆယ်က အသင်းကောင်း တသင်းပါ။ ဒါပေမယ့် သူတို့တွေ ဉာဏ်ကောင်းဖို့ လိုနေပါသေးတယ်။ ၁-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ ဦးဆောင်ထားနိုင်ချိန်မှာ သူတို့တွေ ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိဖို့ လိုပါတယ်။ သူတို့က နူနက်ဇ်လို လျင်မြန်ပြီး ပြိုင်ဘက်ကို ကျော်ပြေးတတ်တဲ့ တိုက်စစ်မှူးနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ မြန်မြန် မပြေးနိုင်တဲ့ ဗဟိုခံစစ်မှူးကို ခံစစ်ကြောင်းမှာ ထားခဲ့ပါတယ်။ ဒါက မလုပ်သင့်တဲ့ အမှားမျိုးပါ။ ကျွန်တော်ကတော့ ဒီပွဲမှာ ဘရိုက်တန်က အနိုင်ရသွားမယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – ဘရိုက်တန် ၃-၂ နယူးကာဆယ်

Photo Credit: Sky Sports

လီဗာပူးနဲ့ ဗီလာ (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

လီဗာပူးက စိန့်ဂျိမ်းပါတ်လို ကစားရခက်တဲ့ ကွင်းမှာ နယူးကာဆယ်ကို ၁၀ယောက်ထဲနဲ့ အနိုင်ယူနိုင်ခဲ့လို့ အတော်လေး စိတ်ဓာတ် တက်ကြွနေမယ်လို့ ထင်ပါတယ်။ နူနက်ဇ်ရဲ့ သွင်းဂိုးတွေက အသင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲ ဖြစ်စေမယ့် သွင်းဂိုးတွေပါ။ ဒါပေမယ့် အဲ့ဒီဂိုး ၂ဂိုးစလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ နူနက်ဇ်က ဒီပွဲနဲ့ လာမယ့်ပွဲတွေမှာ ဂိုးထပ်သွင်းနိုင်ဖို့ အာရုံစိုက်ရပါမယ်။ တခါတလေမှာ ဒိုင်လူကြီးတွေက ချက်ချင်း အနီကတ် မထုတ်သင့်ဘူးလို့ ထင်ပါတယ်။ ဗန်ဒိုက်ရဲ့ ပြစ်ဒဏ်က အနီကတ် မဖြစ်သင့်ပါဘူး။ သူက ပြိုင်ဘက်ကို ဆလိုက်ထိုးခဲ့တာ မဟုတ်သလို ထိထိမိမိ ဖျက်ထုတ်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ဒိုင်လူကြီးတွေက ကစားသမားတွေနဲ့ အရင် စကားပြောပြီးမှ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှတ်ရမလဲ ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။ တချို့ ဒိုင်လူကြီးတွေကတော့ ကောင်းပါတယ်။ တကယ်ကောင်းတဲ့ ဒိုင်လူကြီးတွေနဲ့ တွေ့ရင် ခင်ဗျားက ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို အေးအေးဆေးဆေး ရှင်းပြခွင့် ရသလို ဒိုင်တွေကလည်း အဝါကတ် ပြရမလား ၊ အနီကတ် ပြရမလား ဆိုတာ သေချာ ဆုံးဖြတ်လို့ ရပါတယ်။ တခုခု ဖြစ်တာနဲ့ “မင်း ထွက်သွား” လို့ပဲ ပြောနေမယ် ဆိုရင် ဒါက ဘယ်သူ့အတွက်မှ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒိုင်လူကြီးတွေက နာမည်ကျော် ကစားသမားတွေကို လေးစားမှု ပေးသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ လီဗာပူးက ဗီလာကို နိုင်သွားမယ်လို့ပဲ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ ဗီလာ

Photo Credit: Sky Sports

အာဆင်နယ်နဲ့ မန်ယူ (တနင်္ဂနွေနေ့ည ၁၀နာရီ)

ကျွန်တော်က ဒီပွဲမှာ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရဖို့နဲ့ ဖျော်ဖြေမှု ပေးတဲ့ ပွဲကောင်း တပွဲ ကြည်ရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ရမှတ်တွေက အရေးအကြီးဆုံး အရာပါ။ ပြီးတော့ ကျွန်တော်က ဒီပွဲမှာ ဟားဗက်ဇ် တယောက် ကစားခွင့်ရဖို့နဲ့ သူ ဘာတွေ လုပ်နိုင်လဲ ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဟားဗက်ဇ်က ထိပ်တန်း ကစားသမား ဖြစ်လာမယ့် အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဟားဗက်ဇ် တယောက် ဒီပွဲမှာ ပွဲထွက်ခွင့် ရပြီး ခြေစွမ်းပြ ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က ယူနိုက်တက် အနိုင်ရတာကို မြင်ချင်ပေမယ့် ဒါက နည်းနည်းလေး ခက်ပါလိမ့်မယ်။ ကစားရတဲ့ကွင်းကလည်း အမ်းမရိတ် ဖြစ်နေလို့ ယူနိုက်တက်က အဝေးကွင်း ကစားရရင် သူတို့တွေ လုပ်နေကြအတိုင်း ရမှတ် ၁မှတ် ခွဲယူနိုင်ခဲ့ရင်လည်း မဆိုးဘူးလို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၂ မန်ယူ

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

လူတန်တောင်း ၁-၁ ဝက်စ်ဟမ်း (လူတန်တောင်း ၁-၂ ဝက်စ်ဟမ်း)

ရှက်ဖီးလ် ၂-၁ အဲဗာတန်

မန်စီးတီး ၃-၁ ဖူလ်ဟမ်

ချယ်လ်ဆီး ၂-၀ နော်တင်ဟမ် ဖောရက်စ်

ဘန်လေ ၁-၁ စပါး

ဘရန့်ဖို့ဒ် ၁-၁ ဘုန်းမောက်

ပဲလေ့စ် ၁-၀ ဝုလ်ဗ်