MySport Myanmar

ဘန်ဇီမာ နဲ့ ဒေ့ရှောင့်တို့ရဲ့ ကမ္ဘာ့ဖလား အကြောင်းကိစ္စတွေကို ဘန်ဇီမာ အေးဂျင့် ဖွင့်ဟ

ပြင်သစ် ဝါရင့်တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာနဲ့ ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒေ့ရှောင့်တို့ နှစ်ဦးရဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းကိစ္စရပ်တွေကို ဘန်ဇီမာ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit : Marca

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့ရင်း ဂိုးတွေလည်း များစွာ သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ၂၀၂၂ခုနှစ်ရဲ့ Ballon d’Or ဆုကို ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့် ကံဆိုးစွာနဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင်မှာပဲ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားပွဲအားလုံးကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဘန်ဇီမာကို ပြင်သစ်လူစာရင်းကနေ ထုတ်ပယ်ပြီး ကစားသမား အစားထိုးတာမျိုး မလုပ်ဆောင်ခဲ့သလို သူ့ဒဏ်ရာကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် အချိန်ကာလတစ်ခုလုံးကို လွဲချော်လောက်ရမယ့် ဒဏ်ရာမျိုး ဖြစ်မနေခဲ့ပါဘူး။

Photo Credit : beIN SPORT

ဒါကြောင့်လည်း အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ မတိုင်ခင်မှာ ဘန်ဇီမာက သူ့ဒဏ်ရာကနေ ပြန်ကောင်းမွန်နေပြီး fitness ပိုင်းလည်း စိတ်ချရတဲ့ အနေအထား ဖြစ်နေတာမို့ ဖ်ိုင်နယ်ပွဲကို ပါဝင်ခွင့် ရလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ခပ်သဲ့သဲ့ ထွက်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ဇီမာကတော့ ပြင်သစ်နဲ့ ပူးပေါင်းခဲ့ခြင်းမရှိပဲ သူရဲ့ကလပ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်း အပေါ့စား ခြေစမ်းပွဲတွေ ဝင်ကစားဖြစ်ခဲ့ပါတယ်။ ဒီလို ပြင်သစ်အသင်းအတွက် မကစားပေးဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ဘန်ဇီမာအေးဂျင့်ဖြစ်သူက ဘန်ဇီမာဟာ သူရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာချိန် ပြင်သစ်အသင်းဘက်က ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှံးထွက်(၁၆)သင်းအဆင့်လောက်သာ ရောက်ရှိနေတာဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားပေးဖို့လည်း အဆင့်သင့် ဖြစ်နေတယ်လို့ အသင်းဘက်ကို အကြောင်းကြားခဲ့ပေမယ့် အသင်းနည်းပြ ဒေ့ရှောင့်နဲ့ အသင်းဆေးအဖွဲ့ဝင်တွေက ဘန်ဇီမာကို အသင်းမှာ ထည့်သွင်း ကစားစေဖို့ လက်မခံခဲ့ပဲ သင့်လျော်တဲ့ အချိန်ကာလထက်ပင် ပိုမိုစောစီးစွာနဲ့ပဲ ပြင်သစ်နိုင်ငံဆီကို ပြန်လည် စေလွှတ်ခဲ့တယ်လို့ ရှင်းလင်း ဖွင့်ဆိုလိုက်ပါတယ်။ ဒီလိုကြောင့်လည်း ဘန်ဇီမာက ပြင်သစ်အသင်းအတွက် ပါဝင်ခဲ့ခြင်း မရှိသလို ကမ္ဘာ့ဖလားဖိုင်နယ်အပြီး နောက်တစ်ရက်မှာပဲ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ကြောင်းပါ ထုတ်ပြန်သွားခဲ့ပါတယ်။

Exit mobile version