ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားဟာ ပင်နယ်တီ ကန်တဲ့ အချိန်မှာ အမှားမယွင်းကင်းတဲ့ တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ပင်နယ်တီ ကန်ဖို့ ပထမ ဦးစားပေး မဟုတ်တာကြောင့် ပင်နယ်တီ ကန်ခွင့် မရထားတာ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူး ဘန်ဇီမားဟာ ရီးရဲလ်အသင်းအတွက် ပင်နယ်တီ ကန်ခွင့် ရရှိခဲ့တဲ့ (၁၀) ကြိမ်မှာ (၁၀) ကြိမ် စလုံးကို သွင်းဂိုး အဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး နောက်ဆုံး အကြိမ် အဖြစ်နဲ့ ပင်နယ်တီ ကန်ခွင့်ရခဲ့တဲ့ ပွဲစဉ်မှာ သောကြာနေ့က အလာဗက်စ်အသင်းနဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

 

တိုက်စစ်မှူး ဘန်ဇီမားကတော့ ပြီးခဲ့တဲ့ သောကြာနေ့က အလာဗက်စ်အသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ပင်နယ်တီ သွင်းယူနိုင်ခဲ့ပြီး လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ လာလီဂါ ပွဲစဉ် (၃၄) ပွဲ ကစားပြီးနောက် လာလီဂါ သွင်းဂိုး (၁၈) ဂိုး ရှိသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဘန်ဇီမားဟာ လက်ရှိရာသီမှာ ရီးရဲလ်အသင်း ရရှိခဲ့တဲ့ ပင်နယ်တီတွေ အားလုံးကို ကန်ခွင့် ရရှိမယ် ဆိုရင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် လာလီဂါ သွင်းဂိုး ပိုများမှာ ဖြစ်ပြီး လက်ရှိရာသီမှာ လာလီဂါ သွင်းဂိုး အများဆုံးဆု၊ ပီချီချီဆုကို ရရှိနိုင်ချေပါ ရှိနေပါတယ်။

Photo Credit: Marca

 

ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားဟာ လက်ရှိရာသီမှာ အသင်းခေါင်းဆောင် ရာမို့စ်က ကန်ခဲ့ရတဲ့ ပင်နယ်တီ (၆) ကြိမ်ကိုသာ ကန်ခွင့်ရရှိမယ် ဆိုရင် လာလီဂါ သွင်းဂိုး (၂၄) ဂိုး ရှိသွားမှာ ဖြစ်ပြီး လာလီဂါ သွင်းဂိုး (၂၂) ဂိုး သွင်းယူထားတဲ့ မက်ဆီထက် သွင်းဂိုး ပိုများသွားမှာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုး (၂၂) ဂိုးအထိ သွင်းယူထားရာမှာ သွင်းဂိုး (၂၂) ဂိုးထဲက သွင်းဂိုး (၅) ဂိုးက ပင်နယ်တီ သွင်းဂိုးတွေပဲ ဖြစ်ပြီး လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ လာလီဂါ ပြိုင်ပွဲဟာ လက်ကျန် ပွဲစဉ် (၃) ပွဲသာ ကစားဖို့ လိုအပ်တော့တဲ့ အချိန်မှာ မက်ဆီက သွင်းဂိုး (၂၂) ဂိုး သွင်းယူထားတာကြောင့် လာလီဂါ သွင်းဂိုး အများဆုံး ဖြစ်နေပြီး တကယ်လို့ ဘန်ဇီမားက ရီးရဲလ်အသင်းရဲ့ ပင်နယ်တီတွေကို ကန်ခွင့်ရရင် မက်ဆီကို ကျော်မှာပဲ ဖြစ်ပါတယ်။