ပူပူနွေးနွေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် ကာရင် ဘန်ဇီမာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အတွက် ရွေးချယ်ခံခဲ့ရပြီးမှ ဒဏ်ရာကြောင့် အသင်းရဲ့ လူစာရင်းထဲကနေ နုတ်ထွက်ခဲ့ရပေမယ့် ပြင်သစ်ရဲ့ နည်းပြချုပ် ဒက်ချမ့်စ်က သူ့ရဲ့ နေရာအတွက် အစားထိုး ကစားသမားကို မခေါ်ယူခဲ့တာကြောင့် ဘန်ဇီမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆုတံဆိပ် တခုကို ရရှိမယ်လို့ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ဆုဖလားနဲ့ လာလီဂါ ဆုဖလားတို့ ရအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

Photo Credit: Sports Brief

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိထားသလို ခြေစွမ်းကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် ဘန်ဇီမာက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကို အများကြီး ကူညီပေးနိုင်မယ်လို့ မှန်းဆခံခဲ့ရပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘန်ဇီမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပြင်သစ်နဲ့အတူ လေ့ကျင့်ခန်း ဆင်းနေရင်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် ဘန်ဇီမာက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘယ်လိုမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေမယ့် ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ဘန်ဇီမာရဲ့ နေရာအတွက် အစားထိုး ကစားသမား မခေါ်ခဲ့သလို ဘန်ဇီမာကို အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါကြောင့်ပဲ ဘန်ဇီမာက ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်သွားတဲ့ ပြင်သစ်ရဲ့ တစိတ်တပိုင်း ဖြစ်နေဆဲ ဖြစ်ပြီး ဘန်ဇီမာဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် ပြင်သစ်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို အထူးတန်း ကနေ သွားရောက် ကြည့်ရှုကာ အသင်းဖော်တွေကို အားပေးမယ်လို့ သိရပါတယ်။

ဘန်ဇီမာက ပြင်သစ်ရဲ့ လူစာရင်းထဲမှာ ပါဝင်နေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲမှာ ပြင်သစ်က အနိုင်ရသည် ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ ဆုတံဆိပ် တခုကို ကျိန်းသေပေါက် ရရှိမယ်လို့ သိထားရပြီး ဘန်ဇီမာက အဆိုပါ ဆုတံဆိပ်ကို ဒက်ချမ့်စ်နဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြင်နာမှု အဖြစ် သူ့ရဲ့ နေအိမ်မှာ သိမ်းဆည်းထားဖို့ စီစဉ်ထားကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။