ပူပူနွေးနွေး ရွှေဘောလုံးဆုရှင် ပြင်သစ် နာမည်ကြီး တိုက်စစ်မှူး ကာရင် ဘန်ဇီမာကတော့ သူဟာ ကစားသမားဘဝ ကနေ အနားယူပြီးရင် နည်းပြတဦးအဖြစ် ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ အချစ်ဆုံး သူငယ်ချင်း ရိုနယ်ဒို မရှိတော့တဲ့နောက် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်နေသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးမှာ ချန်ပီယံ ဖြစ်အောင် အဓိက ကူညီပေးနိုင်ခဲ့တာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ထိုက်ထိုက်တန်တန် ရရှိထားပါတယ်။

Photo Credit: Euro Sports

ဘန်ဇီမာက နံပါတ်၉ ၊ နံပါတ်၁၀ နေရာနှစ်ခုစလုံးမှာ ကစားနိုင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ပြီး သူ့ရဲ့ နေရာယူကောင်းမှု ၊ အဆုံးသတ် တိကျမှုတို့ကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်သလို အသင်းဖော်တွေ အတွက် နေရာလွတ်တွေ ဖန်တီးပေးနိုင်စွမ်း ရှိတာကြောင့် သူနဲ့ တွဲကစားတဲ့ တွဲဖက် တိုက်စစ် ကစားသမားတိုင်းဟာ သွင်းဂိုးတွေ အလွယ်တကူ သွင်းယူနိုင်လေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ဘောလုံးဂျာနယ်လစ်တွေက ကာရင် ဘန်ဇီမာကို ပြင်သစ်အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးလို့ ချီးကျူးမှုတွေ ပြုလုပ်နေကြပြီး ဘန်ဇီမာကတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေချိန်မှာ နိုင်ငံနဲ့ ကလပ်အတွက် အကောင်းဆုံး ပေးဆပ် ကစားဖို့သာ တွေးထားသလို ကစားသမားဘဝ ကနေ အနားယူပြီးရင်လည်း သူ့ရဲ့ အတွေ့အကြုံတွေ ၊ ဘောလုံးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို လူငယ် ကစားသမားတွေဆီ မျှဝေပေးချင်တာကြောင့် နည်းပြတဦး ဖြစ်ချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sports

ဘန်ဇီမာက – “ကျွန်တော်က ကစားသမားဘဝ ကနေ အနားယူပြီးရင် နည်းပြတဦး ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်က လူငယ် ကစားသမားတွေကို ကူညီရတာ သဘောကျပါတယ်။ ကျွန်တော့်ရဲ့ ဗဟုသုတတွေ ၊ အတွေ့အကြုံတွေကိုလည်း လူငယ်တွေဆီ မျှဝေပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘန်ဇီမာက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။