လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဘန်ဇီမာ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ မိုချင်ဂလာဘက် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်းမှာ အသင်းရဲ့ လူငယ် ကစားသမား ဖြစ်တဲ့ ဗီနီးစီးယပ်ကို ဘောလုံးပေး မကစားဖို့ အသင်းဖော် မန်ဒီကို ပြောကြားခဲ့ကြောင်း ရုပ်သံလွှင့် ဌာနတွေက ဖော်ပြ သွားကြပါတယ်။ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ မိုချင် ဂလာဘက်အသင်းဟာ ဦးဆောင်ဂိုး နှစ်ဂိုး ဦးစွာ ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ နောက်ကျ ချေပဂိုးတွေ ရခဲ့တာကြောင့် တစ်ဖက်ကို တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ဂလာဘက် အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မားကပ်သူရမ်ရဲ့ ပွဲချိန် ၃၃မိနစ်နဲ့ ၅၈မိနစ်တို့မှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၇မိနစ်မှာ ဘန်ဇီမာနဲ့ ပွဲချိန် ၉၃မိနစ်မှာ ကတ်စမဲရိုးတို့က ရီးရဲလ်မက်ဒရစ် အသင်းအတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့ကြတာပါ။ အဆိုပါ ပွဲစဉ်မှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ ကစားသမား ကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဗီနီးစီးယပ် ဖြစ်ပြီး ဗီနီးစီးယပ်ဟာ ပထမပိုင်းမှာ ဂိုးရရှိနိုင်တဲ့ အခွင့်အရေး သုံးကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့သလို အသင်းဖော်တွေကို ဘောလုံးပေးသင့်တဲ့ အချိန်တွေ မှာလည်း ဘောလုံး မပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ မကြာခဏ ဆိုသလို ဘောလုံး ဆုံးရှုံးခဲ့ ရပါတယ်။

Photo Credit: Marca

ဒါ့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဘန်ဇီမာဟာ ပထမပိုင်းအပြီး ဥမင်လှိုဏ်ခေါင်းထဲ ရောက်ရှိနေချိန်မှာ ဗီနီးစီးယပ်ကို အတော်လေး ဒေါသထွက်နေခဲ့ပြီး သူနဲ့ တစ်နိုင်ငံထဲသား ဖြစ်တဲ့ ဘယ်နောက်ခံလူ မန်ဒီကို ဒုတိယပိုင်းမှာ ဗီနီးစီးယပ်ကို ဘောလုံးပေး မကစားဖို့ ပြင်သစ်စကား ပြောကာ မှာကြားခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာကို ကင်မရာတွေကနေ တဆင့် မှတ်တမ်း တင်နိုင်ခဲ့တာ ဖြစ်ပြီး ဘန်ဇီမာက မန်ဒီကို “ညီလေး ဒီကောင်(ဗီနီးစီးယပ်)ကို ဘောလုံး မပေးနဲ့တော့။ ငါ့အမေနဲ့ ကျိန်တွယ်ပြီးတောင် ပြောရဲသေးတယ်။ ဒီကောင်က ငါတို့အသင်းကို ဆန့်ကျင်ပြီး ကစားနေတဲ့ကောင်” လို့ ပြောကြားခဲ့တာပါ။ လက်ရှိမှာတော့ အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘာမှမပြောသေးပေမယ့် ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဒဏ်ရိုက်ခြင်းကို ခံရဖွယ် ရှိကြောင်း သိရပါတယ်။