အချိန်ကာလအားဖြင့် (၆)နှစ်တာလောက် ကြာမြင့်ပြီးမှ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူး ကာရန်ဘန်ဇီမာဟာ အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ဆင်နွဲနေရပေမယ့် အုပ်စုတွင်း ပွဲစဉ်(၂)ပွဲ ကစားခဲ့ပြီးမှာ သွင်းဂိုးမရယူနိုင်သေးပဲ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ပြင်သစ်နည်းပြ ဒီဒီယာဒေးရွှမ့်ကတော့ သူရဲ့ကစားသမားအပေါ်မှာ ယုံကြည်မှုတွေ ဆက်လက်ရှိနေသေးတယ်လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဘန်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြသလျက်ရှိနေတဲ့အတွက် ပြင်သစ်နည်းပြ ဒေးရွှမ့်က ယူရို-၂၀၂ဝပြိုင်ပွဲဝင်ရမယ့် အသင်းအတွက် သူ့ကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက သူရဲ့ပြင်သစ်အသင်းဖော် ဗယ်ဘူနာနဲ့အတူ Sex Tape ရိုက်ကူးခဲ့မှုကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရသလို ပြင်သစ်လက်ရွေးစင်အသင်းကနေလည်း ထုတ်ပယ်ခံခဲ့ရပြီး အခုလို (၆)နှစ်တာအကြာမှသာ ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

လတ်တလောမှာ လက်ရွေးစင်အသင်းအတွက် သွင်းဂိုးရယူဖို့ ရုန်းကန်နေရတဲ့ ဘန်ဇီမာနဲ့ပတ်သက်ပြီး နည်းပြဒေးရွှမ့်က “ဘန်ဇီမာက တကယ့်ကို အတွေ့အကြုံကောင်းတွေနဲ့ ပြည့်ဝနေတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူကိုယ်တိုင်ပါ သံသယမရှိသင့်ပါဘူး။ သူက အကောင်းဆုံးအရာတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့သူပါ။ ဒါပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့တော့ လိုအပ်နေပါတယ်။ ပရိတ်တွေကလည်း သူ ဂိုးသွင်းယူတာကို မြင်တွေ့ချင်နေတယ်ဆိုတာ သူလည်း သိမှာပါ။ သူက တိုက်စစ်မှူးတစ်ယောက် ဖြစ်နေတဲ့အတွက် သွင်းဂိုးတွေ ရယူဖို့က လိုအပ်တယ်ဆိုပေမယ့်လည်း တကယ်တမ်း သူ့အတွက် အရေးကြီးတဲ့အရာက သူ့မှာ ယုံကြည်မှု ရှိနေဖို့ပါ။ ကျွန်တော်လည်း သူ့အပေါ်မှာ ယုံကြည်မှုတွေ ရှိနေတယ်ဆိုတာကို သူလည်း သိထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၀)အထိကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပြင်သစ်အသင်းအတွက် (၄)ပွဲ ပါဝင်ကစားထားရချိန်မှာတော့ သွင်းဂိုးလုံးဝကို မသွင်းယူနိုင်သေးပဲ အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ကစားခွင့်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း ပင်နယ်တီကို ဂိုးဝင်အောင် မကန်သွင်းနိုင်ပဲ လွဲချော်ခဲ့ရပါတယ်။